Thursday, November 22, 2007

အလယ်စည်း

ရော်ဘာပင်တွေကို

ဘ၀ရဲ့ အခါးရည်တစ်ခွက်လို့ ဖွဲ့မယ်။


ဒီအချိန်မှာ

ဘာနဲ့ ခတ်ခတ် မီးထပွင့်မှာပဲ

အဲဒီလို

နှလုံးသားကို နားလည်ပေးလိုက်တယ်။


အတွင်းစည်းထဲ စိတ်ကူးသံ အိုက်စပ်စပ်

ဘတ်စ်ကားတွေလိုပဲ

အဲဒီလို “ကမူး” မရေးခဲ့ဘူး။


တွေးစရာ ရှိရင်

လွတ်လွတ်လပ်လပ် တွေးပစ်လိုက်ဖို့

အရိပ်ကျနေတဲ့ စံပယ်ပင်လေးကို ငိုပြနေရတာနဲ့

အနာက မကျက်တော့ဘူး။


အခြေအနေအရ လက်မထောင်လိုက်ပေမယ့်

ငိုက်စိုက်ကျနေတဲ့ ခေါင်းကို ဘယ်သူမြင်လဲ

ထိလွယ်ကျလွယ် လူတစ်ယောက်ဖြစ်ဖို့

ဒီခေတ်ထဲ လွင့်ကျလာတဲ့ ကံပါ။


ခေတ်ကထိုးနှက်လိုက်တဲ့ ဆေးမှင်ကြောင်တွေပေါ့

သူပုန်စိတ်က တစ်ပြားသားမှ မလျော့သေးဘူး

မေတ္တာတရားကိုလဲ အရိပ်တကြည့်ကြည့်

ကြီးကောင်ဝင်နေတဲ့ စိတ်ကူးက

ဒီလိုပါ…

ဘာနဲ့ ပွင့်ပွင့်

ပန်းစစ်ရင် အရောင်မရွေးဘူး။ ။

နေမွန်းသင်

၂၂.၁၁.၀၇

ဆက်ဖတ်ဦးနော်…

Wednesday, November 21, 2007

ဂဃနဏ မသိတာ အမှားလား။

ဘယ်အရွယ်က စာစဖတ်ခဲ့သလဲ မမှတ်မိခိုက် ဂဃနဏ မသိတာ အမှားလား။


မာန်လှိုင်းက သိချင်လို့ပါတဲ့။ နေမွန်းသင်ကလဲ လုပ်လိုက်ပါဗျာဆိုတာနဲ့။ တော်ကြာ မေတ္တာ မရှိပါဘူးလို့ ပြောခံနေရမှာလဲ စိုးရိမ်မိရဲ့။


သူတို့ကို တကယ် ကြိုက်လား မကြိုက်ဘူးလားဆိုတာကတော့ စဉ်းစားနေတုန်းပဲ။

သူတို့ရေးတဲ့ စာတွေ အကုန် ဖတ်ဖူးသလား ဆိုတော့လဲ မဟုတ်သေးဘူး။

အကြိုက်ဆုံးတွေကိုပဲ လုံးဝ မဖတ်ဖြစ်တော့တာတွေလဲ ရှိပါ့။

ဘာပဲဖြစ်ဖြစ် တစ်ချိန်တစ်ခါက စွဲစွဲမက်မက် ဖတ်ဖြစ်တယ်ပေါ့။

အရမ်းကြိုက်ပေမယ့် မပြောချင်တာလဲ ရှိချင်ရှိနေနိုင်တယ်။

ဒါကိုတော့ ခွင့်ပြုပါနော။


မဟာဗုဒ္ဓဃောသ(အဋ္ဌကထာဆရာ)

သံဃရက္ခိတမထေရ်(အလင်္ကာဆရာ)

အရှင်ဇနကာဘိဝံသ(ဘာသာဋီကာဆရာ)

(ဘာသာရေးစာရေးဆရာများလို့ ပြောတာထက် ဘာသာရပ်စာပေပညာရှင်များလို့ ခေါ်ရင် ရမလား မသိ။)

ဦးပုည

ဦးရွှေအောင်

သိပ္ပံမောင်ဝ

ရွှေဥဒေါင်း

သော်တာဆွေ

မြသန်းတင့်

ဇော်ဇော်အောင်

မောင်သာရ

မိုးမိုး(အင်းလျား)

မစန္ဒာ

မင်းလူ

(၈၈နှစ်လွန်များကစပြီး မြန်မာဝတ္တုများ မဖတ်ဖြစ်သလောက်ပါ။ သနားစရာပဲ။)

Jonathan Swift

Sir Arthur Conan Doyle

John Steinbeck

Harold Robbins

J.K. Rowling

(အင်း…ဒါတွေက ပြည်ပရောက်မှ ဖတ်ဖြစ်တာ။ တစ်ချို့ကို ဘာသာပြန်တွေ ဖတ်ဖူးတဲ့ အရှိန်နဲ့ ကြိုက်မိတာဖြစ်မယ်။)


တစ်ယောက်လောက်တော့ ဆက်လုပ်လိုက်အုံးမယ်။

ဘယ်စာရေးဆရာတွေ ကြိုက်သလဲပေါ့။

အားမှအားပါ့မလားလို့တော့ စိုးရိမ်တယ်။

Stephen Hawkingပါ။

အဘရေ…လက်အားရင် လုပ်လိုက်ပါဦးနော်။

မေတ္တာ

၂၁.၁၁.၀၇

ဆက်ဖတ်ဦးနော်…

Tuesday, November 20, 2007

မြစ်ကို အလျားလိုက် ဖြတ်ကူးခြင်း

ဘ၀အကြောင်း လွမ်းရတာလောက်

ဘယ်အရသာမှ ပိုမထိရှဘူး။


ဟိုးအရင်တုန်းက

တစ်ယောက်မျက်ဝန်း တစ်ယောက်ဖတ်ပြီး

တစ်ယောက်အပူ တစ်ယောက်လက်လွှဲယူကြ

တစ်ယောက်ရင်ဘတ် တစ်ယောက်မီးကူးယူကြ

ငါတို့ သူငယ်ချင်းတွေ။


လူစုံရင် ၀ိုင်းဖွဲ့ဆိုတဲ့စကားက

ညလုံးပေါက် ရွာမစဲတဲ့မိုး

တစ်ယောက်အနာဟောင်း တစ်ယောက် ဆွရင်း

တစ်ယောက်အပျော် တစ်ယောက် လုသောက်ရင်း

ဆေးလိပ်တစ်တိုနဲ့ အကုန်အာသာပြေကြ

လက်ဖက်ရည်တစ်ခွက်နဲ့ အကုန်ဝကြ

ပစ်ပစ်နှစ်နှစ် ဆဲဆိုသံကိုလဲ

ပျက်လုံးတစ်ခုလို ပေါ့ပါးခဲ့ကြ

ငါတို့ သူငယ်ချင်းတွေ။


“ပြန်ဆုံရင်

ငါတို့ ကဗျာတွေ စာအုပ်ထုတ်ရအောင်”တဲ့

ထွက်သွားကြတယ်

လေးတွဲတွဲ ရထားအိုကြီးတွေလို တစ်စင်းပြီးတစ်စင်း။


“ပြန်ဆုံရင်

တစ်ယောက်ဖိနပ် တစ်ယောက် လဲစီးရအောင်”တဲ့

ဝေးသွားကြတယ်

တိမ်စတွေကို တစ်ယောက်ပြီးတစ်ယောက်။


“ဘ၀ဆိုတာ ဒီလိုပါပဲကွာ”တဲ့

အဲဒီစကားလုံးတွေပဲ ထပ်ထပ် ညည်းရင်း

ပင်လယ်နက်နက်ထဲ ပြုတ်ကျခဲ့တဲ့ အပိုင်းအစတွေလို

ပရိယေသနအကြားမှာ အသက်ရှူဝရုံလေး

တစ်ယောက်ခေါ်သံ တစ်ယောက် ပြန်မထူးနိုင်ခဲ့တာ

ဒီနေ့ထိပါပဲ...။



နေမွန်းသင်

၂၀.၁၁.၀၇

ဆက်ဖတ်ဦးနော်…

Friday, November 16, 2007

ဂိလာနတစ်ယောက်ရဲ့ ချင်ခြင်း

လွမ်းတာတောင်

ဖြောင့်ဖြောင့် မလွမ်းတတ်တော့ဘူး

အတွင်းသားမှာ ငုတ်နေတဲ့ ညှောင့်က

လွမ်းစရာကို သွားသွားစူးတယ်။


အိုရွယ်နေတဲ့ အမေ့ကို လွမ်းသလို

ခြောက်သယောင်းနေတဲ့ ငါ့မြေကိုလဲ

ငါလွမ်းမိတာပါပဲ

ကိုယ့်မြေကိုယ့်အိမ်ကို ချစ်တဲ့စိတ်ကလွဲလို့

ငါမြေဟာ သားရဲပေါတယ်ဆိုတာလဲ

သိခဲ့ပါရဲ့

မကောင်းတာက မကောင်းတာပေါ့လေ

ချစ်တာက ချစ်တာပေါ့

ငါ့မြေကို ရောက်အောင်တော့ ပြန်ရမှာပဲ။


မြို့ပြအိမ်ရာတွေလို တန်းမတ်နေတဲ့ အုန်းပင်တန်းနဲ့

ငယ်ငယ်က ရေကူးနေကျ ပင်လယ်ပြာပြာကြီးနဲ့

အိမ်ရှေ့က ဘောလုံးကွင်း စိမ်းစိမ်းကြီးနဲ့

သားတမျှော်မျှော်နဲ့ အမေလဲ ရှိသေးတယ်လေ

ဆော်လမွန်ငါးတွေလို ရောက်ရာအရပ်ကနေ

ငါပြန်ရအုံးမယ်။


ဝရန်တာမှာ

ရေနံဆီမီးခွက်ထွန်းပြီး ငုတ်တုတ်ထိုင်နေတတ်တဲ့ အမေ့ဆီကို

ငါစာမရေးနိုင်သေးဘူး

ဆောင်းတွင်းမှာ

မီးပုံဘေး စားခဲ့တဲ့ ထမင်းကြမ်းနဲ့ ငါးခြောက်ဖုတ်ကို

ငါ မမေ့နိုင်သေးဘူး

လပြည့်ညတိုင်း

ဘုရားဝင်းထဲမှာ ယောင်လည်လည်ညတွေကို

ငါရင်ခုန်လို့ မဆုံးသေးဘူး

ဘယ်လမ်းကပဲ ရောက်ရောက်

ငါပြန်မှ ဖြစ်မှာပါလေ။


တောသားလဲ တောသားအလျောက်

လွမ်းစရာကလဲ ဒီတောနဲ့ ဒီတောင်ရယ်

ဒီအချိန်ဆို အမေ့လယ်မှာ ကောက်သစ်ပေါ်ပြီပေါ့

လရောင်အောက်မှာ ကောက်လှိုင်းထမ်းနေတဲ့ ငါ့အကိုရယ်

ကြွက်သားတွေ ဖုထစ်နေပေမယ့်

ရုပ်ကတော့ တော်တော် အိုစာနေပြီပေါ့

ငါ့လိုပဲ

ညီအငယ်ကောင်လဲ တိုင်းတပါးမှာ

အခုထိ သေသလား ရှင်သလား မသိရသေးဘူး

ငါအိမ်ပြန်မှ ဖြစ်မှာပါလေ

ငါ့မြေကို ငါချစ်သလို

ငါ့မြေကရော ငါ့ကို ချစ်ပါ့အုံးမလား

လူကိုလူလို မကြည့်တဲ့ မျက်လုံးတွေကလဲ ပေါပါဘိနဲ့

မဲမဲမြင်ရာ ယုန်ထင်တဲ့ မုဆိုးတွေကလဲ ပေါပါဘိနဲ့

ငါ့အိမ်ရော အရင်လို လုံမှ လုံခြုံပါ့အုံးမလား

အမေကတော့ မျှော်နေမှာပါလေ

ငါရောက်အောင်တော့ ပြန်ရမှာပဲ။


တန်ဆောင်တိုင်ပွဲကို မမြင်ရတာလဲ ကြာပြီ

ညလုံးပေါက် ဘုရားလှည်းဆွဲရင်း

ကျွေးတာတွေ အကုန်စားတဲ့ ကလေးဘ၀တွေ

ဘယ်လိုလုပ် မေ့လို့ရမလဲ

မလွမ်းတာပဲ ကောင်းပါတယ်လေ

ငါ့အမေကို ငါချစ်သလို

ငါ့မြေကို ငါချစ်နေတာပဲ တော်လှပြီ

လေသင့်တဲ့ တရာသီသီမှာတော့

ငါ့ပင်လယ်ပြာပြာနဲ့ အုန်းပင်တန်းလေးကို

ပြန်တွေ့ကောင်း ပြန်တွေ့နိုင်ပါရဲ့လေ

မျှော်လင့်ခြင်းဟာ အလကားတော့ မဖြစ်နိုင်လောက်ပါဘူး။


အခုတစ်လော

နေ၀င်ရင် အိပ်တန်းပြန်တဲ့ ငှက်တွေပဲ

ငေးငေးနေမိတယ်။ ။

နေမွန်းသင်

၁၆.၁၁.၀၇

ဆက်ဖတ်ဦးနော်…

Wednesday, November 14, 2007

နာဖျားခြင်း

ရေခဲတုံး တစ်တုံးလို

ကိုယ့်အေးစက်မှုနဲ့ကိုယ် အငွေ့ပျံလို့

နေထိုင်မှုဟာ စပါးကြီးမြွေတစ်ကောင်လို အေးတိအေးစက်

ရုပ်တွေ တစ်ထိုင်းထိုင်း စိတ်တွေ တမှိုင်းမှိုင်း

အတွင်းသားမှာ လောင်တဲ့မီးက လွဲပြီး

ကြိုးတစ်စလို ခွေကျနေပြီလား

ကိုယ့်သံသယနဲ့

ငါ့ကိုယ်ငါ ပြန်ပြန်ရှို့တိုင်း

လောင်တဲ့မီးက မရေမရာ

ငါဟာ ဘယ်လို အမျိုးအစားလဲ

ငါ့သံသယကိုလဲ ငါသံသယဖြစ်လို့

ငါ့ဖြစ်တည်မှုကိုလဲ ငါမကျေမနပ်ဖြစ်လို့

ငါ့စက်ဆုတ်မှုနဲ့ ငါ့ကိုယ်ငါ အေးခဲနေတော့တယ်။


ဆန်းတော့ဆန်းသား

ငါဟာ တစ်ခါတစ်ခါ သူရဲကောင်းဖြစ်ချင်ပြီး

ကျရှုံးမှာကိုလဲ ကြောက်တတ်သေးတယ်

ခုတော့ ငါဟာ ငါမဟုတ်တဲ့အတိုင်း

ငါ့ကိုယ်ငါ သေးသိမ်တဲ့ မျက်လုံးနဲ့ ကြည့်လို့

ငါ့အတွင်းစိတ်ကို ငါကိုယ်တိုင် ရွံရှာလို့

ခက်တာက

ငါ့ကိုယ်ငါလဲ ငါအစွဲက စွဲနေသေးတော့

မိုးကိုဖြိုပြီး မြေကိုလှန်မယ်ဆိုတဲ့ အတွေးနဲ့ပဲ

ငါအောင်းတဲ့တွင်းထဲကနေ အပြင်မထွက်ဝံ့သေးဘူး

ငါဟာ စိတ်ကူးယဉ်ဝါဒီလား

သံသယ၀ါဒီတစ်ယောက်ကော မဖြစ်နိုင်ဘူးလား

ကမ္မ၀ါဒီတစ်ယောက်လဲ ဖြစ်နိုင်သေးတာပဲ

ဘုရားမကြိုက် နတ်မကြိုက်တဲ့ အလုပ်တွေနဲ့ ၀ဲလည်ရင်း

ငါ့လိပ်ပြာနဲ့ငါ ခွက်ပုန်းခုတ်နေရတာ

ငါကိုယ်တိုင်က ငါမဟုတ်တော့တဲ့အတိုင်း။


ကျင့်သားရလာတာနဲ့အမျှ

လူသားဟာ အရေခွံထူလာတတ်သလား

ဒါမှမဟုတ် ငါတစ်ယောက်ထဲကပဲ

ဆိုးဆိုးဝါးဝါး နာဖျားနေတာများလား

ငါ့နာဖျားခြင်းက ငါ့ကို တမြေ့မြေ့ ကိုက်ခဲလို့

ငါဟာ လူသားဆိုတာတော့ ဟုတ်ပါရဲ့

ငါဟာ လူသားစစ်စစ် ဖြစ်ရဲ့လားဆိုတဲ့ အမေးကျတော့

ငါ့မှာ အဖြေမရှိပြန်ဘူး

တကယ်တော့

အဲဒီမေးခွန်းကို ကြောက်လို့

ငါမဖြေတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့

သံသရာဆိုတာ

မဖြေနိုင်တဲ့ မေးခွန်းတစ်ခုရဲ့ အစလို့

အဲဒီလိုလဲ ဘုရားဟောထားခဲ့တာပဲလေ

ငါ့အမေးကို ငါမဖြေနိုင်တာများ

ပြစ်တင်ရက်စရာ မရှိပါဘူး။


အခုချိန်အထိတော့

ငါ့နာဖျားခြင်းက ငါ့ကိုတစစ်စစ် ကိုက်ဝါးနေတုန်းပဲ။ ။

နေမွန်းသင်

၁၄.၁၁.၀၇

ဆက်ဖတ်ဦးနော်…

Sunday, November 11, 2007

ငါမမူးသေးဘူး

ငါ့အရေခွံကို လာမချွတ်နဲ့

ဟောဒီခေတ်ပျက်ကြီးထဲလူတွေ

ရွှဲရွှဲစိုအောင်နစ်မွန်းနေတာ

ငါမြင်နိုင်သေးတယ်

ငါမမူးသေးဘူး။


တစ္ဆေလိုလို သရဲလိုလို

ငါ့အာရုံကို လာမနှောက်နဲ့

ငါ့သွေးကြောတွေ တဆတ်ဆတ်ခုန်နေတာ

ခါးသီးမှုနဲ့ မျက်လုံးတွေ တ၀င်းဝင်းတောက်နေကြတာ

ငါသိသေးတယ်

ငါမမူးသေးဘူး။


ငါ့ဧရာဝတီရေ

မင့်မျက်ရေ တသွင်သွင်စီးနေတာကို

မင့်အလှဂုဏ်ကလေး သိမ်ငယ်နေရတာကို

ငါမြင်နေရတုန်းပါ

ငါမမူးသေးဘူး။


ချစ်လှစွာသော ဘ၀တူတွေရေ

မင်းအပြန်ကို ညောင်ညိုရိပ်က စောင့်နေတုန်းပါ

မင်းဝင်သွားတဲ့ နံရံအမြင့်ကြီးလဲ နီမြဲနီနေတုန်းပါ

ဗလောင်ဆူနေတဲ့ မိသားစုရင်ဘတ်တွေကိုလဲ

ငါကြားမြဲကြားနေရတုန်းပါ

ငါမမူးသေးဘူး။


ဘ၀ဆိုတာ

တိုက်ပွဲဝင်ရင်း ချိုမြိန်နေတဲ့ အရသာတမျိုးလို့

အဲဒီလိုလဲ ငါအဓိပ္ပါယ်ဖွင့်ဆိုနိုင်သေးရဲ့

ဘယ်တော့မှ

ဘယ်တော့ - - - ဘယ်တော့ - - - မှ

ဟောဒီမြို့ကြီး မိုးမလင်းသေးသရွေ့

ငါ မူးကို မမူးသေးဘူး ။

နေမွန်းသင်

၁၁.၁၁.၀၇


ထီးဆိုင်ရဲ့သီချင်းကိုခံစားမိရာမှ

ပေါက်ဖွားလာတဲ့ စကားလုံးအပိုင်းအစတွေပါ။

ဆက်ဖတ်ဦးနော်…

Friday, November 9, 2007

ကျွန်တော့် အတွင်းပစ္စည်းများ

မာန်လှိုင်း…ခင်ဗျား ဓါးပြတိုက်ထားတဲ့ အိတ်ကို ပိုစ့်လိုက်ပါပြီဗျာ။


ကျောင်းပျက်နေတာလဲ ကြာပြီ

နံရံမှာ ချိတ်ထားတဲ့ အိတ်ထဲ

ဘာရှိလို့ ရှိမှန်း မသိတော့ဘူး

မျက်လုံးပိတ်ပြီး

စိတ်ကို ဖွင့်လိုက်တယ်။


ကင်းမလက်မဲလို ထောင်နေတဲ့ ဘောပင်တစ်ချောင်း

ဘလိတ်ဓားလို ပါးလှပ်လှပ် စာရွက်တထပ်

မလိုအပ်တာတွေ ညှပ်ပစ်ဖို့ လက်သဲညှပ်တစ်ချောင်း

အမေ့ဓာတ်ပုံ တစ်ပုံ

အစိမ်းရင့်ရောင် နံမည်တစ်လုံး

မတ်စေ့တစ်စေ့

ကဗျာတစ်ပုဒ်

လွယ်တတ်ရင်တော့ ကျေနပ်စရာပေါ့။


ကျွန်တော့် လွယ်အိတ်အရောင်က

“ကမူးရဲ့ စည်းအပြင်ကလူ”

ပေါ့ပေါ့ပါးပါး အသက်ရှင်ဖို့ အတတ်

ကျွန်တော့်အိတ်ထဲ မထည့်ရသေးဘူး။


ဒါပါပဲဗျာ

ကျွန်တော့်လွယ်အိတ်က

အခု ကျွန်တော်နဲ့ နေ့လည်စာ စားနေကြောင်းပါ။


လူရင်းတွေကို လက်တို့ပြီး အိတ်သွန်ဖာမှောက် လုပ်ခိုင်းလိုက်အုံးမယ်…


၁-C3PO

၂-TERMINATOR

၃-YOU KNOW WHO


ကိုယ့်လူတို့… အီအီအာအာတော့ မလုပ်နဲ့နော်။ ရှိတာသာ ထုတ်ကြပေတော့။

နေမွန်းသင်

၀၉.၁၁.၀၇


စာကြွင်း…မေတ္တာကတော့ နတ္ထိ-မရှိ ဖြစ်နေလို့တဲ့ဗျာ။



ဆက်ဖတ်ဦးနော်…

တကိုယ်ရေ

အိပ်လို့ မရဘူး

မျက်လုံးကို ဇွတ်မှိတ်ကြည့်တော့

အလွမ်းတွေပဲ ရင်ထဲ ကျလာတယ်


အခန်းမီးကို ပြန်ဖွင့်တော့လည်း

အထီးကျန်မှုက သူစိမ်းလိုလို မိတ်ဆွေလိုလို


မထူးပါဘူး

ငုတ်တုတ်ထထိုင်နေတာပဲ ကောင်းပါတယ်

အရှေ့ ကနံရံကို အငေးမှာ

အိမ်မြောင်လည်း ငါ့လို တကောင်တည်း

အိပ်လို့ မရဘူး

နေမွန်းသင်

၀၉.၁၁.၀၇

ဆက်ဖတ်ဦးနော်…

Tuesday, November 6, 2007

ဒုက္ခနဲ့ ပွင့်တဲ့သစ်ပင်

ပြန်မလာတော့ဘူး
ဟိုတုန်းကဆိုတာတွေနဲ့ စလိုက်တိုင်း
ဟိုတုန်းကဆိုတာတွေ ပြန်မလာတော့ဘူး။

မျက်လုံးဖွင့်မရအောင်ကို
အမှောင်ထုက သိပ်သည်းလွန်းတော့
အလင်းကိုရှာဖို့ အိမ်နဲ့ ဝေးရာထွက်ခွါခဲ့
ကျောသားရင်သားမခွဲခြားတဲ့ ကျွတ်ဆတ်မှုနဲ့ 
ထိလွယ်ရှလွယ် ငယ်ဘဝတွေ
ပြန်မလာတော့ဘူး။

ဓာတ်စီးနေတဲ့ စိတ္တဇနဲ့ 
ရောမမြို့ကြီးကိုရှို့မယ့် မီးတစ်စနဲ့ 
သွေးသားမှာအောင်းဝင်နေတဲ့ ကဗျာတစ်ပုဒ်နဲ့
လမ်းရှိရာမြွေတစ်ကောင်လို ရင်နဲ့တွားထွက်ခဲ့
ဟိုးတုန်းက မလည်မ၀ယ် ကောင်လေးတစ်ယောက်
ပြန်မလာတော့ဘူး။

အရောင်တွေ စုံလွန်းတော့လဲ
ဒုက္ခဆိုတာလဲ ခုံမင်စရာတွေပဲပေါ့
အဆင်ပြေသလိုဆိုတာတွေနဲ့ လှော်ရင်းမျောရင်း
ကမ်းနဲ့ဝေးတော့လဲ ဝေးပစေတော့ပေါ့
ကဗျာတွေကိုတော့ တယောက်တလေများ
ခံစားကောင်းခံစားနိုင်ပါရဲ့လေ
ဟိုတုန်းက လယ်ကွင်းထဲပြေးနေတဲ့ ကောင်လေးတယောက်
ပြန်မလာတော့ဘူး။

မေတ္တာတရားကို အငတ်ကြီးငတ်ခဲ့ပါလျက်
အမေနဲ့ဝေးတဲ့အရပ်ကိုမှ
တဘ၀လုံးလုံး အပျံသင်ချင်တဲ့သူပါလေ
ဟိုတုန်းက လွယ်အိပ်မနိုင်တနိုင် ကောင်လေးတစ်ယောက်
ပြန်မလာတော့ဘူး။

အဲဒီလိုပါ
ဖက်တွယ်မိတဲ့ ယုံကြည်မှုကိုပဲ ကျစ်ကျစ်ပါအောင်ဆုပ်ရင်း
ပြောချင်တဲ့ အသေးအမွှားများစွာကိုတော့
ပြောခွင့်ရခဲ့ပါရဲ့
အမေမျှော်လင့်ခဲ့တဲ့ အလားအလာကောင်းများစွာနဲ့
ဟိုတုန်းက ခပ်နူံနူံမရဏဖွား ကောင်လေးတစ်ယောက်
ပြန်မလာတော့ဘူး။

ပြန်မလာတော့ပါဘူးလေ
စိတ်ရော ကိုယ်ရောအားလုံးပါပဲ
ဟောဒီတောမီးလောင်နေတဲ့ ခေတ်ကြီးထဲတိုးဝင်လေလေ
တခြမ်းစောင်းနေတဲ့ ငါတို့မြေပုံလေးကို ငေးမိလေလေ
ဟိုတုန်းက လွတ်လွတ်လပ်လပ်ရယ်မောတတ်တဲ့ ငါ့ရယ်သံတွေတောင်
ငါ့ဆီပြန်မလာတော့ဘူး ။ ။

နေမွန်းသင်
၀၆.၁၁.၀၇


ဆက်ဖတ်ဦးနော်…

Sunday, November 4, 2007

ဆောင်း

သစ်ရွက်လေးကို လှုပ်ခါချလိုက်ရုံနဲ့
သွေးထဲသားထဲ
အလွမ်းက အညှာလွယ်လွန်းတယ်။

တကိုယ်ရေတကာယကို စောင်လိုခြုံပြီး
အနွေးဓာတ်ကို ဘယ်လိုရှာမလဲ
လူခြေတိတ်ချိန်ကျမှ
မျက်ဝန်းမှာ မြူတွေဆိုင်းတယ်။

သွေးရိုးသားရိုးမဟုတ်သလိုလို
ဆယ့်နှစ်ကြိုးအပြည့်တတ်ထားတဲ့ အညှို့ဓာတ်နဲ့
မေ့ထားတဲ့အကြောင်းကိုမှ တယုတယ
ကြောင်တကောင်လို ကျောသပ်ရင်သပ်
အနေဝေးနေတဲ့ ဘ၀တွေထဲ
နှင်းတွေသဲသဲ လှုပ်ကြွေတယ်။

ကံကြမ္မာကိုပဲ ယိုးမယ်ဖွဲ့ကြပါစို့
အိမ်အပြန်လမ်းကို မျှော်လိုက်တိုင်း
နေမပွင့်တဲ့မနက်ခင်းတခုလို
အလွမ်းတွေပဲ အုံ့အုံ့ဆိုင်းဆိုင်း။

တယူသန်ပါ
မနက်ခင်းလေးထဲ ငေးမိငေးရာ
လမ်းလျှောက်ရင်း တွေးမိတွေးရာ
ဘ၀အလွမ်းတွေလဲ နှင်းတွေထဲမှာ . . . . . .

နေမွန်းသင်
၎-၁၀-၂၀၀၇

ဆက်ဖတ်ဦးနော်…

Friday, November 2, 2007

ကော့ပငမ်းပုံပြင်

အံ့ဩစရာပဲ

ပင်လယ်ပြင်ကြီးထဲက ကျွန်းကလေးမှာ

လူတွေအများကြီိးရောက်နေကြတယ်

ဒီလူတွေအများကြီးထဲမှာ

ငါ့လူမျိုးတွေရှိတယ်

ငါ့လူမျိုးတွေရှိတဲ့အရပ်ကို

ငါအလည်တစ်ခေါက် ရောက်ခဲ့တယ်။


ဒီလောက်ဝေးတဲ့အရပ်

ဒီလောက်လှမ်းတဲ့နေရာ

အကြောင်းမျိုးမျိုးနဲ့ 

လူတွေရောက်လာကြမယ်

အပန်းဖြေဖို့ အနားယူဖို့

ဟန်းနီးမွန်းထွက်ဖို့

ငွေဖြုံးဖို့ စသည် စသည်

အနောက်နိုင်ငံသားတွေရဲ့ ငွေဖြုန်းတဲ့နေရာ

ဒေသခံတွေရဲ့ ငွေသဲ့ယူတဲ့နေရာ

လွပ်လပ်ချင်သူတို့ရဲ့ အလုံခြုံဆုံးနေရာ

အဲဒီလိုအကြောင်းတွေကြောင့်တော့

ငါ့လူမျိုးတွေ ဒီကို မလာနိုင်ကြဘူး။


စွန့်စားချင်တဲ့စိတ်က တပိုင်းတစ

ကြီးပွါးချင်တဲ့စိတ်က တပိုင်းတစ

မိသားစုမီးကိုငြိမ်းဖို့က တပိုင်းတစ
မကျေနိုင်တဲ့ကြွေးကို ဆပ်ဖို့က တပိုင်းတစ

ချစားနေတဲ့ အိမ်ကြီးကို ရှောင်ဖို့က တပိုင်းတစ

အားလုံးမှာ

မတူညီတဲ့ဘ၀ပေးနောက်ကြောင်းတွေနဲ့

အားလုံးမှာ

တူညီတဲ့ ခါးသီးနာကျင်မှုတွေနဲ့

ငါ့လူမျိုးတွေ

အလုပ်လုပ်ဖို့ ဒီကို လာကြတယ်။


စတိုးဆိုင်တွေမှာ

ညလုံးပေါက်ဘားဆိုင်တွေမှာ

စားသောက်ဆိုင်နဲ့ ဘန်ဂလိုတွေမှာ

ကြုံရာကျရာ နေ့စားအလုပ်တွေမှာ

ပုလိပ်တွေနဲ့ တူတူပုန်းတမ်းကစားရင်း

အလုပ်ရှင်တွေနဲ့ မကျေမလည်ဖြစ်ရင်း

နေ့ဆိုင်းညဆိုင်း

မို့အစ်နီရဲနေတဲ့ မျက်လုံးတွေနဲ့

ထိုင်းမှိုင်းလေးလံနေတဲ့ ဦးနှောက်တွေနဲ့

ဆိုင်ရှင်တွေအလိုကျ

သူတို့အလုပ်လုပ်ကြတယ်။


ငါ့အမျိုးတွေ

ချေးငှားလာတဲ့လမ်းစရိတ်နဲ့

တက်လာမယ့် အတိုးကိုဆပ်ဖို့

အလုပ်ရှင်တွေရဲ့ အကြိမ်းအမောင်းကိုခံရင်း

ရရာအလုပ်ကို မရွေးတမ်း လုပ်ကြတယ်။


ငါ့အမျိုးတွေ

အခန်းကျဉ်းကလေးမှာဝိုင်းငှါးပြီးစုနေကြတယ်

တညလုံးအလုပ်လုပ်ပြီးတနေ့ လုံးအိပ်ကြတယ်

“ဘတ်”ကြေးတလတခါ ပေးရတယ်


ငါ့အမျိုးတွေ

ပုလိပ်သံကြားရင် ရှောင်ပုန်းတတ်တယ်

အချင်းချင်းတွေ့ရင် ၀မ်းမြောက်ကြတယ်

ငါ့အမျိုးတွေ

အနှိမ်ခံရရင် မုဆိုးဖိုအကြောင်းပြောတယ်

နာကျင်စရာရှိရင် ဒီခေတ်အကြောင်း ပြောတယ်


ငါ့အမျိုးတွေ

ပိုက်ဆံရဖို့

လုပ်နိုင်တာ အကုန်လုပ်တယ်

အရိုးသားဆုံး ငွေရှာကြတယ်။


ငါ့အမျိုးတွေ

သူတို့မြေကိုသူတို့ချစ်ကြတယ်

သူတို့ရိုးရာကို သူတို့မြတ်နိုးတယ်။


ငါ့အမျိုးတွေ

သူတို့တွေ အိုးမကွာအိမ်မကွာအလုပ်လုပ်ချင်ကြတယ်

သူတို့ဘုရားကျောင်းကန်ကို သူတို့ဖူးချင်ကြတယ်။


ငါ့အမျိုးတွေ

သူတို့ပညာရေးကို အဆုံးထိ သင်ချင်ကြတယ်

သူတို့တက္ကသိုလ်ကို သူတို့ လွမ်းမောကြတယ်။


ငါ့အမျိုးတွေ

သူတိုဟာ လူသားအရင်းအမြစ် ယိုစီးနေတာကိုမုန်းတယ်

သူတို့ဦးနှောက်ကို သူတို့တန်ဖိုးထားတတ်ကြတယ်


ငါ့အမျိုးတွေ

သူတို့ဟာအမိနိုင်ငံရဲ့ အမေ့ခံလူသားတွေဖြစ်တယ်

တပါးနိုင်ငံရဲ့အနှိမ်ခံအပယ်ခံတွေဖြစ်တယ်။


ငါ့အမျိုးတွေ

သူတို့ဟာ မိသားစုနဲ့ မကွဲမပြား နေချင်ကြတယ်

သူတို့မှာ လူသားဆန်တဲ့ စိတ်ခံစားမှုရှိတယ်


ငါ့အမျိုးတွေ

သူတို့ဟာ

သူတို့အိမ်သူတို့ ပြန်ချင်ကြတယ်

သူတို့မြေကို သူတို့နမ်းရှိုက်ချင်ကြတယ်

သူတို့နာကျင်မှုတွေကို သူတို့အဆုံးသတ်ချင်ကြတယ်

သူတို့တွေ တနှစ်ပြီးတနှစ်

သူတို့အိပ်မက်တွေ တညပြီးတည

အခုထိ

သူတို့ဘ၀တွေ အိမ်မပြန်နိုင်သေးဘူး ။ ။


၂၆-၅-၀၇ နေ့ ခရီးသွားအမှတ်တရ

(ကော့ပငမ်းကျွန်း= ထိုင်းနိုင်ငံ ထိုင်းပင်လယ်ကွေ့အတွင်းရှိ ပြည်ပခရီးသွားအပန်းဖြေရေးလုပ်ငန်းဖြင့် စည်ကားနေသော ကျွန်းသုံးကျွန်းထဲမှ ဒုတိယကျွန်း)

နေမွန်းသင်

၀၂.၁၁.၀၇




ဆက်ဖတ်ဦးနော်…