Monday, October 29, 2007

ဆက်သွယ်မှုဧရိယာအပြင်ဘက်ကချစ်သူ

ဘာမှမဟုတ်တဲ့နေ့ တွေမှာ

အလွမ်းတွေပဲ ရှည်လာတယ်။


စိတ်ချင်းဆက်ပြီး

အိပ်မက်တွေဖလှယ်ကြစို့ လား

တို့ ဘဝတွေ

မင်းလဲလို့ ငါမထူနိုင်တဲ့ အကွာအဝေးနဲ့ 

ငါမောလို့ မင်းမချော့ နိုင်တဲ့ ကံကြမ္မာတွေနဲ့ 

လက်ဖဝါးနုနုလေးကိုကိုင်ပြီး

ညလုံးပေါက် စကားတွေပြောနေမိတယ်

စိတ်ကူးထဲမှာ။


ပို့ စရာလူကြုံလည်းမရှိတော့

ပြောချင်တဲ့စကားတွေလည်း ငါ့ဆီမှာသောင်တင်လို့ 

မင်းလဲ ငါ့လိုစကားလုံးတွေနဲ့ ရေငတ်နေမှာပါ

ချစ်သူတွေပါတဲ့

ဒီအခေတ်အခါကြီးထဲ

လွမ်းတာလေးကိုဖွဲ့ဖွဲ့ နွဲ့ နွဲ့ ဖွင့်ဟဖို့ တောင်

ပြောစရာ ဖုန်းမရှိဘူး။


လူသားတွေပါ

ခံစားမိတာကို ဘယ်မှာသိမ်းထားရမှာလဲ

လူတွေထက်ပိုချစ်ပြီး

လူလိုသူလို စကားပြောခွင့်မရတာ

ဘဝမှာ အနာဆုံးပဲ။

တကယ်ပါ ကျွန်တော်တို့ ဘဝမှာဖုန်းဆက်မရလို့ စိတ်ညစ်ရတာတွေ၊ ချိန်းတဲ့ ဖုန်းကိုစောင့်ရင်း ရှေ့ လူ မပြီးလို့ မပြေမလည်ဖြစ်ရတာတွေ၊ စကားလေး ဆယ်မိနစ်စာပြောဖို့အရေး အဝေးကြီးကနေ အပြေးအလွှားလာခဲ့ရတာတွေ အဲဒီလို ခံစားဖူးသူတွေအတွက်…။


နေမွန်းသင်

၂၉.၁၀.၀၇




ဆက်ဖတ်ဦးနော်…

Saturday, October 27, 2007

လပြည့်ည

အဲဒီညကိုရောက်တိုင်း
နှလုံးသားရဲ့ တစစ်စစ်နာကျင်သံကို
ငါကိုယ်တိုင်ပဲသိလိမ့်မယ်။

ပြတင်းတံခါးကိုပိတ်ပြီးတော့များ
လရောင်ကို နှင်မထုတ်လိုက်ပါနဲ့
သွေးစက်တွေရဲ့အကြောင်းကိုပြောဖို့
တစ်လတစ်ခါ
အဝေးကြီးကနေ ခရီးနှင်ခဲ့ရသူပါ၊

သစ်ရွက်ကလေးတွေကအစ
အဲဒီရက်စက်မှုတွေအကြောင်း စုတ်တသပ်သပ်နဲ့
အနီရောင်ပန်းပွင့်တွေ ပန်ထားရဆဲလို့
အော်သံတွေကို ကျက်မိတဲ့ညိုညစ်ညစ်လမ်းမကြီးတွေလည်း
သက်သေထူနေဆဲပါ
သွေးဆိုတာ အနံ့ပြင်းတယ်မဟုတ်လား
လေပြေဝေ့ရုံနဲ့တော့ လွင့်ပြယ်သွားမှာမဟုတ်ဘူး။

သင်လည်းငိုခဲ့ဖူးမှာပါ
အဲဒီခံစားချက်ကို ပန်ရင်း
လရောင်ဟာကောင်းကင်မှာဝါပြီး
လမ်းမပေါ် နီစွေးနေတာကို မြင်ပါ
အဝေးက - - ၀ိညာဉ်တွေရဲ့အော်သံကို
နှလုံးသားနဲ့ နားဆင်ပါ။

သွေးပျက်ဖွယ်အနိဋ္ဌာရုံတွေ
စိန်ပွင့်တွေလို တလဲ့လဲ့အရောင်တောက်ခဲ့တာ
အဲဒီနေ့စွဲတွေပေါ့
လပြည့်ညဆို
ငါ့ပင်လယ်မှာ လှိုင်းပိုထန်တယ်။ ။

နေမွန်းသင်
၂၇-၁၀-၀၇

သွေးအနံ့တွေကိုလိုက်ရှာနေရတာနဲ့ လပြည့်ညလေး တရက်နောက်ကျခဲ့တာပါ။

ဆက်ဖတ်ဦးနော်…

Friday, October 26, 2007

အမှောင် နှင့် အမိုက်ဝယ်

“ကိုရင် ကိုရင် - - သတိထားအုံး - - - - ဟ - - အရှင်ဘုရား ကိုရင်လေး ခေါ်လို့မထူးတော့ဘူးဘုရား”

အမေ - - - -

ဒီအချိန်မှာ ကျွန်တော် အတမ်းတအလိုချင်ဆုံးဟာ အမေရဲ့စကားသံးတစ်ခွန်း အမေရဲ့နွေးထွေးတဲ့လက်ကလေးတစ်စုံပါ၊ ကျွန်တော့ရင်ထဲမှာ အမေ့ဆီပြန်ဖို့ အမြဲတမ်းစိတ်ကူးယဉ် နေရတာ ကျွန်တော်ပြန်လာနိုင်ပါ့အုံးမလား အမေရာ- ကျွန်တော်မမိုက်ပါဘူးနော် အမေ။ကျွန်တော်လိမ္မာပါတယ်။ အမေပြောတဲ့အတိုင်း ကိုရင်ဝတ်တာ မြင့်မြတ်တယ်ဆိုလို့ အမေစိတ်ချမ်းသာအောင် ကိုရင်ဝတ်ခဲ့တာပဲ။ ဒီအသက်အရွယ်လေးမှာ အမေနဲ့ ဝေးပြီး တစ်မြေတစ်ရွာကို စာလာသင်ရတာ အမေ့ကိုလွမ်းတဲ့စိတ်နဲ့ ကျွန်တော် မေတ္တာငတ်ခဲ့တာပေါ့ အမေ။ အခုလည်း ကျွန်တော် ဘာမှ ဟော့ဟော့ရမ်းရမ်း မလုပ်ခဲ့ပါဘူး။ အမေပဲ စဉ်းစားကြည့်ပေါ့။ အမေသား ဒီအသက်အရွယ်လေးနဲ့ သပိတ်ကိုမှ အနိုင်နိုင် မပိုက်နိုင်သေးတာ။ ကျွန်တော် ဘယ်လိုလုပ် သူများကို ရန်ပြုနိုင်မှာမို့လို့လဲ။ တီဗွီတွေကြည့်ပြီး အမေ တစ်မျိုး ထင်မနေပါနဲ့။ ကျွန်တော် ပြောတာ ယုံပါအမေရာ။ ကျွန်တော် လိမ္မာပါတယ်။

အဲဒီနေ့က မိုးမရွာတဲ့နေ့ပေါ့ အမေ။ ကျောင်းက ကိုရင်ကြီးတွေက ပြောတယ်။ “ဟေ့..မောင်ရင်။ ဒီနေ့ လမ်းပေါ်မှာ ပရိတ်ရွတ်ပွဲ ရှိတယ်။ မောင်ရင် လိုက်မလား”တဲ့။ ကျွန်တော် သိပ်လိုက်တာပေါ့ အမေရာ။ အမေပဲ စဉ်းစားကြည့်လေ။ ပရိတ်ရွတ်တာပဲ။ကောင်းတာလုပ်တာကိုး။ သားတို့ရွာမှာလဲ အန္တရယ်ကင်းချင်ရင် ရွာဦးရွာဖျား ပရိတ်ရွတ်နေကြတာပဲ။ အခုလည်း ကိုယ်တော်တွေက ပြောတယ်။ ပြည်သူပြည်သားတွေ အန္တရယ်ကင်းအောင် ပရိတ်ရွတ်မလို့တဲ့။ တိုင်းသူပြည်သားတွေဆိုတော့ အမေလည်းပါမှာပေါ့။ ညီလေးနဲ့ ညီမလေးလဲ ပါတာပေါ့။ ကျွန်တော်တို့က အဲဒီအတွက် လမ်းပေါ်မှာ စီတန်းပြီး ပရိတ်ရွတ်ကြတာ အမေရာ။ ပျော်ဖို့ အရမ်းကောင်းတာပဲ။ ကျွန်တော့်တသက်မှာတော့ ဒါ ထူးထူးဆန်းဆန်း ခံစားဖူးတဲ့ ကြည်နူးစရာပဲ အမေ။ အမေ့ကို မြင်စေချင်လိုက်တာ အမေရာ။ နောက်တော့ ဘာဖြစ်လို့ ဖြစ်မှန်းမသိလိုက်ဘူး အမေ။ ရှေ့ပိုင်းက သံဃာတွေ ၀ရုန်းသုန်းကားဖြစ်ပြီး ဆူညံသွားတာကို မြင်လိုက်တယ်။ ပြေးတဲ့ကိုယ်တော်တွေကလဲ ပြေးလို့။ ကျွန်တော် တောသားပဲ အမေရာ။ အပြေးသန်ပါတယ်၊ ဒါပေမယ့် အမေရာ ကျွန်တော် ကံမကောင်းဘူး ထင်ပါရဲ့၊ ဘာကြောင့်မှန်း မသိဘူး၊ တစ်ယောက်ယောက်က ကျွန်တော့်ကိုယ်ကို ဆောင့်တွန်းလိုက်သလို ကျွန်တော် အရှေ့ကို ဟပ်ထိုးလဲကျသွားတယ်၊ ကျွန်တော်ထပြေးဖို့ ကြိုးစားတယ်၊ မရဘူး အမေရာ၊ ကတ္တရာလမ်းမကြီးက ကျွန်တော့်ကို လှမ်းဆွဲ ကုတ်ထားသလိုပဲ၊ ကျွန်တော် လှုပ်လို့မရတော့ဘူး၊ အမေ့ကို သတိရလိုက်တာ အမေရာ၊ ကျွန်တော် သတိရတော့ ကျွန်တော် ဆော့နေကျ ကျောင်းပေါ်မှာ “လူအုပ်ကြားထဲကနေ မနည်း ဆွဲထုတ်လာခဲ့ရတယ်၊ ကိုရင်လေး ဒဏ်ရာ တော်တော်ကြီးတယ်၊ အခြေအနေကတော့ မကောင်းတော့ဘူး၊ နောက်ကျောကနေ မှန်တာတဲ့”။ ဘေးက စကားသံတွေပဲ ၀ိုးတ၀ါးကြားနေရတယ်၊ ကျွန်တော် ဘာမှ နားမလည်တော့ဘူး၊ ကျွန်တော် ရင်ထဲက အောင့်တယ် အမေရာ၊ ရေလဲ အရမ်း ဆာတာပဲ၊ ကျွန်တော့်  တစ်ကိုယ်လုံး မီးပုံကြီးထဲ ရောက်နေသလားပဲ၊ ကျွန်တော့် စိတ်တွေ ကျွန်တော် ဖမ်းဆုတ်လို့ မရတော့ဘူး၊

အမေ…

ကျွန်တော်မှာ ဘာအပြစ်ရှိလို့ ဒီလိုဖြစ်ရတာလဲ အမေရာ၊

ကျွန်တော် အသက်ရှူရတာ မ၀တော့သလိုပဲ၊ ကျွန်တော် အမေ့ကို တွေ့ချင်လိုက်တာ အမေရာ၊ ညီလေးနဲ့ ညီမလေးကိုလဲ တွေ့ချင်သေးတယ်၊ အခုဆို ဒီကောင် ကကြီးခကွေး ရေးတတ်နေပြီပေါ့၊ ကျွန်တော် ပြန်လာမှ သင်ပေးရဦးမယ် အမေ၊ ကျွန်တော် လက်ရေးတွေ ဘယ်လောက်လှတယ်ဆိုတာ အမေ့ကို ရေးပြရဦးမယ်၊ ပရိတ်ကြီး ၁၁သုတ်၊ ရှင်ကျင့်ဝတ်၊ လိင်၁၀ပါး၊ ဒဏ်၁၀ပါး၊ အဲဒါတွေ ကျွန်တော် ပြန်လာမှ အမေ့ကို ဆိုပြရဦးမယ်၊ ကျွန်တော် ပြန်လာနိုင်ပါဦးမလား အမေရာ၊ ကျွန်တော် တစ်ခုခုကို ကြောက်လန့်နေသလိုပဲ၊ ဟော… ကျွန်တော်ဆီ အဖေလာတယ်၊ အဖေ့အရွယ်က နဂိုအတိုင်းပဲ၊ ဒါပေမယ့် ကျွန်တော်ကို မမှတ်မိသလိုပဲ၊ အဖေ့ကို မြင်ရတာလဲ ၀ိုးတ၀ါးနဲ့။ အမေလဲ ခုဆို တစ်ယောက်ထဲရယ်၊ အဆင်ရော ပြေရဲ့လား အမေရာ၊ အမေ့နားမှာ ကျွန်တော်ရှိရင် အမေ့အလုပ်တွေ ၀ိုင်းကူလုပ်နိုင်တာပေါ့၊ အခုတော့ အမေရာ၊ ကျွန်တော်က မြို့မှာ စာသွားသင်နေတဲ့ ကိုရင်ပေါက်စလေး၊ အမေတော့ ၀မ်းသာနေမှာပေါ့၊ အမေ့ဆီ ပြန်လာချင်လိုက်တာ အမေရာ၊ ကျွန်တော် ပြန်ရောက်နိုင်ပါဦးမလား၊ ရေဆာတယ် အမေ၊

“အမေ့ကို ခေါ်ပေးပါ”

“ဟေ့…ကိုရင်လေး ဘာပြောနေတာလဲ” “ သူ့အမေကို ခေါ်ခိုင်းနေတာဘုရား”၊ “အော်…နောက်ဆုံးအချိန် ရောက်နေပြီ ထင်တယ်၊ ဆေးရုံပို့လဲ မှီမှာ မဟုတ်တော့ဘူး၊ ပို့ဖို့ အချိန်ရှိရင်တောင် ဟိုခွေးမသားတွေက ကျောင်းကိုဝိုင်းထားတာ၊ ထွက်ခွင့်ပေးမှာ မဟုတ်ဘူး၊ အေးကွယ် ကမ္မဿကာပဲပေါ့၊ ကိုရင်လေးနှလုံးသွင်းကောင်းအောင် ပဋ္ဌာန်းဒေသနာနဲ့ မေတ္တသုတ်တော် ရွတ်ပေးကြရအောင်”

အမေ…

ကျွန်တော် ပရိတ်ရွတ်နေတယ်လေ၊ အမေကြားရဲ့လား ကျွန်တော့်နှလုံးသားထဲမှာ မေတ္တာပွားနေတုန်းပဲ အမေ၊ ကျွန်တော် အဝေးကြီးကို မသွားချင်သေးဘူး အမေရာ၊ ကျွန်တော့်ကို ငယ်ငယ်ကလို အမေ့ရင်ခွင်ထဲ ပွေ့ထားပေးပါ၊ အမေနဲ့ ခွဲပြီး ကျွန်တော် မသွားပါရစေနဲ့၊ ကျွန်တော် မငိုပါဘူးနော် အမေ၊ ကျွန်တော် သတ္တိရှိပါတယ် အမေ၊ အို… ကျွန်တော် အသိစိတ်တွေ ဘာမှ တွေးလို့ မရတော့ဘူး၊ ကျွန်တော် ကိုယ်တိုင်ရော ဟိုရှေ့က မြို့ကြီးတစ်မြို့လုံးရော မဲမှောင်နေတာပဲ၊ မဟုတ်သေးဘူး အမေရာ၊ မြို့ကြီးတင်မကဘူး၊ ကျွန်တော်ရော အမေပါ ကျင်လည်နေတဲ့ ခေတ်ကြီးတစ်ခေတ်လုံး မှောင်နေတာ ဖြစ်မှာပါ၊ ဘာဆိုမှ မမြင်ရတော့ဘူး၊ မီးခိုးလုံးတွေ ကြားထဲမှာ ပိန်းပိန်းကျအောင် မှောင်လို့၊ အော်သံတွေ ငိုသံတွေ ခြေဖ၀ါးတစ်ခုချင်းဆီက ထွက်တဲ့ အသံတွေ ကျွန်တော် လွင့်မြောနေတဲ့ တိမ်တိုက်တွေ ကြားထဲထိ ရိုက်ခတ်လို့ ကျွန်တော့်ကို ငယ်ငယ်ကလို ဆွဲပွေ့ထားလို့ မရတော့ဘူးလား အမေရာ၊ ကျွန်တော် မသွားပါရစေနဲ့ အမေ၊ ကျွန်တော် ပရိတ်ရွတ်လို့ မဆုံးသေးဘူး…အ…မေ…။

“ကိုရင်လေး အသက်မရှိတော့ဘူးဘုရား”

“အေးကွယ်…မေတ္တာသုတ်တော်ကို ဆုံးအောင်ရွတ်လိုက်ကြရအောင်”

ကျွန်တော် မငိုပါဘူး အမေရာ၊

နာကျည်းသွေးပျက်ဖွယ်ရာ ခေတ်ကြီးတစ်ခုလုံးရဲ့ မျက်ရည်စက်တွေကို ကျွန်တော့်ဝိညာဉ်နဲ့ အတူ သယ်ဆောင် မသွားနိုင်တာကိုပဲ ကျွန်တော် ၀မ်းနည်းနေမိတာပါ အမေ…။

ရွှေဝါရောင်တော်လှန်ရေး တစ်လပြည့်လွမ်းဆွတ်သတိရခြင်း အမှတ်တရ

နေမွန်းသင်

၂၆.၁၀.၀၇



ဆက်ဖတ်ဦးနော်…

Wednesday, October 24, 2007

ငါ့ညီမလေး လွှတ်တဲ့ မီးပုံး

သီတင်းကျွတ်ပြီ
မလွတ်မြောက်မှုတွေ ကိုယ်စီချိတ်ဆွဲပြီး
မီးပုံးပျံလွှတ်ရအောင်။

ညီမလေးရေ
ငါ့ဝိညာဉ်ကို ရေနံလောင်းပါ
ငြီးငွေ့မှုနဲ့ အားပါးတရလောင်ကျွမ်းရင်း
အခိုးအငွေ့အဖြစ်
နင့်လက်နဲ့ ယက်လုပ်ထားတဲ့ မီးပုံးလေးမှာ
ယီးလေးခို လိုက်ပါသွားရစေ
ကမ္ဘာမြေဟာ
သွေးညှိအနံ့တွေနဲ့ မွန်းကျပ်နေခဲ့ပြီမဟုတ်လား။

အဝေးကြီးကနေ
ငါ့ကိုမျှော်လင့်မနေပါနဲ့တော့
အနာတရတွေအကြား အရေခွံထူလာတဲ့သူမို့
အိမ်ပြန်လမ်းတွေ ၀ိုးတ၀ါး
နင့်စာသင်ခန်းလေးပဲ နင်ဂရုစိုက်ပါ။
နာကျင်မှုတွေ ကိုယ်စီပွေ့ရင်း
ငါတို့လျှောက်ခဲ့တဲ့လမ်းကလေး
ခြောက်သွေ့ပေမယ့် မဟောင်းနွမ်းသေးဘူး
ခရီးပမ်းပေမယ့် အရောင်မလွင့်သေးဘူး
အခုလိုလပြည့်ညတွေမှာ
ပြန်မဆုံနိုင်တဲ့မိသားစုတွေရဲ့ ကိုယ်စား
ရဲရဲဝံ့ လမ်းထွင်သူတွေရဲ့ကိုယ်စား
ရင်ပြင်တော်အပြည့် ဆီမီးလှူခဲ့ပါ။

သီတင်းကျွတ်ပြီ
ကောင်းကင်ပြင်တဆုံး
အနှောင်ဖွဲ့မဲ့ ပျံသန်းနေတဲ့ မီးပုံးတွေပဲငေးရင်း
ဘ၀ရဲ့ မပြေနိုင်တဲ့အမောတွေကို
ဒီလိုချရေးမိတယ်
ဘယ်တော့များ ဘ၀ကို ဘ၀လို
ညီမလေးလွှတ်တဲ့ မီးပုံးလေးမှာ ယီးလေးခိုခွင့်ရပါ့မလဲ… ။ ။

ညီမလေးရဲ့မွေးနေ့ အမှတ်တရ

နေမွန်းသင်

၂၄-၁၀-၀၇


ဆက်ဖတ်ဦးနော်…

Tuesday, October 23, 2007

ပျောက်ဆုံးနေတဲ့ည

အဲဒီညမှာ

ညဟာ ညဆီကိုပြန်မလာတော့ဘူး။


အိမ်ပြန်လမ်းကို မှန်းရင်း

တို့မောင်နှမတွေ အိမ်ပြန်တဲ့ချိန်

ငါတို့အိမ်ကလေး မဲမဲမှောင်လို့

လူမြင်မှာစိုးတာနဲ့

အသံတွေကို ရင်ဘတ်ကြားဖွက်ခဲ့ရတယ်။


ညခွေးတွေ ဆွဲဆွဲငင်အူတဲ့ညထဲမှာ

ညကိုညလို အသုံးချဖို့

ညထက်မှောင်တဲ့လူတစ်စုက ညကိုခိုးသွားကြတယ်။


ညပျောက်သွားတဲ့ညဟာ

ညမရှိတော့တဲ့ညလို သွေးပျက်ဖွယ်အနံ့တစ်မျိုးနဲ့

ပွင့်လက်စပန်းကလေး သွေးလန့်သွားတယ်

စီးနေတဲ့စမ်းချောင်းကလေး သေဆုံးသွားတယ်

ကြားနေကျတရားသံလေး ကျကွဲသွားတယ်


တစ်ဘ၀စာလုံးလုံးပါ

ညဟာ ညပီပီသသ

ညဆီကို ပြန်ရောက်မလာတော့ဘူး ။

နေမွန်းသင်

၂၃-၁၀-၀၇


ဆက်ဖတ်ဦးနော်…

Saturday, October 20, 2007

ဘ၀+ပေါက်ကွဲခြင်း

တစ်ယောက်က ဆိုတယ်

ဘ၀ဆိုတာ

တစ်ဘ၀လုံး ကုန်းရုန်းရှာလည်း

ဒီဘ၀မှာဖြင့် တွေ့မှာ မဟုတ်တော့ဘူးတဲ့။


တစ်ယောက်က ပြောတယ်

ဘ၀အရသာဆိုတာ

သွေးနဲ့ ချွေးနဲ့ ရင်းပြီး ရှာခဲ့ရတာတောင်

မျက်ရည်စက်တွေပဲ တွေ့ရတယ်တဲ့။


တစ်ယောက်က ဆိုတယ်

ဘ၀အရသာဆိုတာ

ငါတို့ရဲ့ ပရိယေသနကြားမှာ

ရရစားစား ကြွေမွသွားပြီတဲ့။


နောက်တစ်ယောက်က ပြောတယ်

ဘ၀အရသာဆိုတာ

ကြားသာကြားဖူးပြီး

မစားဘူးလိုက်တဲ့ အရသာတစ်မျိုးတဲ့။


နောက်ဆုံး တစ်ယောက်က ပြောတယ်

ဘ၀ဆိုတာ

အခွံနွှာထားတဲ့ သစ်သီးတစ်လုံး မဟုတ်ဘူး

အခိုးသတ်ထားတဲ့ ဦးနှောက်တစ်ခု မဟုတ်ဘူး

လက်ပေးသင်ထားတဲ့ ခွေးတစ်ကောင် မဟုတ်ဘူး

လူလူချင်း မကြည့်ရဲ့ အကြောက်တရား မဟုတ်ဘူး

ခံစားချက်အသိုးတွေ စားနေရတဲ့ လူမမာ မဟုတ်ဘူး

စကားမပြောတတ်တဲ့ ငအ မဟုတ်ဘူး

ပြောတိုင်းယုံတတ်တဲ့ ပုံပြင်ထဲက ရွှေကျား မဟုတ်ဘူး

မဟုတ်ဘူး

မဟုတ်ဘူး

မဟုတ်ဘူး...တဲ့။


အဲဒီလိုနဲ့

ရထားတဲ့ ဘ၀လေးကို ပေါင်းသင်ရင်း မြေဆွရင်း

ဘ၀တွေ တစ်ခုနဲ့ တစ်ခု ပွတ်တိုက်ဖန်များလာတဲ့အခါ

မိုးကြိုးပစ်ကျသလို ၀ုန်းကနဲ ဂျိန်းကနဲ

ဘ၀တွေ ထပေါက်ကွဲကြရော…။


နေမွန်းသင်

၂၀.၁၀.၀၇

ဆက်ဖတ်ဦးနော်…

Friday, October 19, 2007

ကြခတ်ရုံထဲမှ သားသတ်သမား

တောမီးလောင်တော့
တောကြောင်တွေ လက်ခမောင်းခတ်သတဲ့
ပြည် ၀မ်းမီးလောင်တော့
“ဘုန်းကြောင်”တွေ စားပေါက်ထွင်သတဲ့
သူမို့လို့
ပြည်သူ့ဆွမ်းစားပြီး
ပြည်သူကမွေးတဲ့ သားတွေကို သတ်ရမယ်တဲ့
သိတတ်ရင်
ကိုယ့်ဝမ်းမှာ ဘယ်သူ့ဆွမ်းကပိုများသလဲ
ငုံ့ကြည့်သင့်တယ်၊

သခင်အလိုကျအောင်
ကျယ်ကျယ်လောင်လောင် ဟောင်နိုင်မှ
ခွေးစစ်မှာလား
ယမမင်းဗျူဟာတွေနဲ့
ပွဲလန့်တုန်းဖျာခင်း
အာဏာရှင်အကြိုက် ဈေးကွက်ထွင်လိုက်တာလား။

ကြခတ်ဝါးရုံလေးတစ်ရုံ စိုပြေရေးအတွက်
သူမို့လို့
ဇာတ်တူသား စားကောင်းသတဲ့
ပုဆိန်နဲ့ခုတ် လွှနဲ့ဖြတ်ရမတဲ့
ငါးစိမ်းသယ်သြ၀ါဒတွေနဲ့
အရူးတွေကို
သူမို့လို့
သားသတ်လိုင်စင် ထုတ်ပေးရက်တယ်။

အိုကြီးအိုမ
ဒီအရွယ်ကြီးကျမှ သတ်တာဖြတ်တာဝါသနာပါတုန်းလား
သင့်ကြောင့်
နွားတွေ ချိုတရမ်းရမ်းနဲ့
သင့်ကြောင့်
အရူးတွေ သေနတ်တကားကားနဲ့
သင့်ကြောင့်
မိတကွဲ ဖတကွဲကလေးတွေနဲ့
ငမိုးရိပ်ချောင်းမှာ
မျှောခံရတဲ့ အလောင်းတွေနဲ့
အသက်တစ်ချောင်း ဆုံးရှုံးရတိုင်း
သင့်မှာ တာဝန်ရှိတယ်
ပြည်သူ့မျက်ရည်တစ်စက်ကျတိုင်း
သင့်ရဲ့ပယောဂပါတယ်
သင့်ကြောင့်
ကျိုးတ၀က် ကန်းတပိုင်း
တစာစာ အော်နေရတဲ့ နာကျင်သံတွေကို
ဘယ်လိုသမိုင်းနဲ့ သင်ဆေးကြောမလဲ။

သာသနာမှာ
သင့်ကို အားကျအတုယူဖို့ထက်
သင့်ကိုစက်ဆုပ်ရွံရှာဖို့
မှတ်တမ်းတွေ ချန်ထားခဲ့လိမ့်မယ်။

သမိုင်းမှာ
သင့်ကို သားသတ်သမားသြ၀ါဒပိုင်ရှင်လို့
နောင်မျိုးဆက်တွေ သမုတ်ကြတော့မယ်
သင်ဆိုခဲ့သော စကားအတိုင်း
တစ်နေ့
အရူးတွေက သင့်ကို တရားခံရှာတော့မယ်။

“လေဆန်သို့ လွှတ်ပစ်သောပြာမှုန့်သည်
ပစ်သူထံသို့ ပြန်ကျရောက်၏”
ဒေသနာတော် လာသည့်အတိုင်း
အပြစ်နှင့်ညီမျှသော ဆုလာဘ်ကိုသာ
သင်ပိုင်ဆိုင်ရလိမ့်မယ်

တစ်ကိုယ်ရေ အထီးကျန်မှုကလွဲပြီး
ကမ္ဘာလောကကြီးထံမှ
သင်ဘာမှ ထပ်ပြီးမရနိုင်တော့ပါ ။ ။


နေမွန်းသင်
၁၉-၁၀-၀၇

ဆက်ဖတ်ဦးနော်…

Tuesday, October 16, 2007

ခေတ်သစ်ဒရက်ကူလာ နှင့် ဒဏ္ဍာရီထဲကမြို့”

တရေးနိုးတိုင်း
မိသားစုကို ထထစမ်းရတယ်
ဒဏ္ဍာရီထဲက မြို့ပျက်ကြီးထဲမှာ။

တံခါးကို သော့ခတ်ခဲ့ပေမဲ့
စိတ်ကို လုံခြုံဖို့ကျ ခက်မယ်
ညဆိုတာ အကုသိုလ်ရဲ့အဖော်ပဲမဟုတ်လား။

အသေကောင်တွေလို
အေးစက်စက် ညတွေမှာ
ဒရက်ကူလာတွေ တအိမ်ဆင်းတအိမ်တက်
သွေးစက်တွေကို အနံ့ခံနေကြတယ်။

အလေ့အကျင့်အရ
ခွေးဟောင်သံကြားလည်း ထိတ်တလန့်
ကလေးငိုသံကြားလည်း ထိတ်တလန့်
အိမ်ရှေ့ရပ်တဲ့ ဆိုက်ကားသံကိုတောင်
ကြောက်ရွံ့တတ်ခဲ့ပြီ။

အမှန်တရားကို အားကိုးပြီးတော့များ
ယောင်လို့မှ အိမ်တခါးကိုဖွင့်မပေးလိုက်နဲ့
ဖုတ်ကောင်တွေမှာ
လူ့ကျင့်ဝတ်ကို လေးစားလိုက်နာဖို့
အသိဉာဏ်ပါမလာဘူး
တံခါးဖွင့်သံတွေရဲ့ နောက်မှာတော့
အဆုံးမဲ့အမှောင်ထုနဲ့
မိသားစုရဲ့ မျက်ရည်တွေပဲတွေ့ရလိမ့်မယ်။

အကုသိုလ်တွေ မဲမှောင်လိုက်ပုံများ
ကိုယ့်အိပ်ရာပေါ် ကိုယ့်အရေခွံကို ရှာမတွေ့ဘူး
ဒရက်ကူလာတွေ ကောင်းစားနေတဲ့မြို့ပျက်ကြီးထဲမှာ။

Dracula -သွေးစုပ်ဖုတ်ကောင်

နေမွန်းသင်
၁၆-၁၀.၀၇

ဆက်ဖတ်ဦးနော်…

Friday, October 12, 2007

ယူနီဖောင်းဝတ် နံရံ

“ဘာကိုပြစ်ရှာပုံမှာလဲ…တရားခံရင်းဟာ ဘယ်သူလဲ…ကိုယ်လေ စဉ်စားမရနိုင်တိုင်း…နံရံကို လက်သီးနဲ့ထိုးမိတယ်…”

နာကျင်မှုတွေ များလာတိုင်း မကျေနပ်မှုတွေ များလာတိုင်း နံရံကို တရားခံအဖြစ် ရိုးစွပ်ရင်း ငါတို့လက်သီးတွေ သွေခြေဥခဲ့ရပေါင်းများပြီ၊ မျိုသိပ်ထားခဲ့တာတွေ ဘယ်လောက်ထိ၊ အလိမ်အညာခံခဲ့ရတာတွေ ဘယ်လောက်ထိ၊ မျိုးဆက်တွေ တဆက်ပြီးတဆက်၊ ဖိနှိပ်မှုတွေ တဆက်ပြီးတဆက်၊ အလင်းရောင်ကိုရှာသူတိုင်း ယုံကြည်မှုကလွဲလို့ အမှောင်တွေပဲ တရစပ်၊ ဘ၀ကို ဘ၀လိုချစ်မြတ်နိုးသူတိုင်း အမှန်တရားကို အမှန်တရားလိုရှာဖွေသူတိုင်း လွတ်လပ်မှုကို လွတ်လပ်မှုလိုမြတ်နိုးသူတိုင်း အချိန်ရှိတိုင်း ခံစားရတယ်၊ တွေးမိတိုင်း နာကျင်ရတယ်၊ လူသားဘ၀ဟာ ဘာ့ကြောင့် ဒီနေရာလေးမှာပဲ ကွက်ကြားမှောင်နေရတာလဲ၊ ငါတို့ရှာခဲ့တာ လူ့ဘ၀စစ်စစ်၊ ငါတို့ရခဲ့တာ မွမ်းကျပ်နေတဲ့ဖိနှိပ်မှု အညှာတာကင်းမဲ့တဲ့ရက်စက်မှု လက်တဆုပ်စာလူတစ်စုရဲ့ အာဏာနဲ့စည်းစိမ်ပေါ် မက်မောဖက်တွယ်မှု၊ လူသားဟာ သတ္တ၀ါတွေထဲမှာ အကြီးမြတ်ဆုံးနဲ့တန်ဘိုးအရှိဆုံးတဲ့၊ ငါတို့ဘ၀တွေဟာ လူ့ဘ၀စစ်စစ်ကိုပိုင်ဆိုင်ရတာမှ ဟုတ်ရဲ့လား၊ အနာဂါတ်ကိုရှာရင်း လမ်းပျောက်လို့ ပျော်ရွှင်မှုကိုရှာရင်း နာကျင်လို့ လွတ်မြောက်မှုကိုရှာရင်း လှောင်ပိတ်လို့။

“မျိုသိပ်ထားတဲ့ နာကျင်မှု…သိုသိပ်ထားတဲ့ မကျေနပ်မှု….တခါပေါက်ကွဲမှ စိတ်ပြေမယ်…”

တွေးတိုင်းတွေးတိုင်း ဒီရေလိုတရိပ်ရိပ်တက်လာတဲ့ မကျေနပ်မှုတွေနဲ့ ယဉ်ကျေးတယ်ဆိုတဲ့ ငါတို့အသိုင်းအ၀ိုင်းမှာ အသေးအမွှားအဖြစ်ကလေးကစပြီး တယောက်ကိုတယောက် ရန်သူလို ဆက်ဆံတတ်ခဲ့ပြီ၊ ဘာသာတရားရဲ့စစ်မှန်တဲ့ငြိမ်းချမ်းမှုဟာ ငါတို့အပေါ် မလွှမ်းမိုးနိုင်တော့တဲ့အဆုံး ငါတို့ဟာ အရိုင်းတွေလို လူကိုလူလို မကြည့်မမြင်တတ်တော့ လောကပါလတရားကို အလေးထားစရာလိုမမြင်တော့ လူ့ကျင့်ဝတ်တွေဟာ ပရိယေသန၀မ်းရေးအကြားမှာ ဖုတ်လှိုက်ဖုတ်လှိုက်။

“ဘာကိုပြစ်ရှာပုံမှာလဲ…တရားခံရင်းဟာ ဘယ်သူလဲ…”

ကြည့်တတ်ရင် တရားခံဟာငါတို့ရှေ့မှာ၊ မြင်တတ်ရင်မြင်လိုက်စမ်းပါ၊ ယူနီဖောင်းနဲ့ ပြည့်နေတဲ့နံရံကို ပိတ်ထိုးလိုက်စမ်းပါ၊ ငါတို့ဘ၀တွေ ချွတ်ချုံကျခဲ့တာ ငါတို့မျိုးဆက်တွေ လူစဉ်မမှီခဲ့တာ ငါတို့ရေမြေတွေ နွမ်းကျင်ခြောက်သွေ့ခဲ့ရတာ အဲဒီယူနီဖောင်းဝတ်တွေကြောင့်၊ တရားခံဟာ ငါတို့ရှေ့မှာ၊ ဘာကိုမှအပြစ်ရှာစရာမလိုတော့အောင် တရားခံဟာ ငါတို့ရှေ့မှာ။

“မျိုသိပ်ထားတဲ့ နာကျင်မှု…သိုသိပ်ထားတဲ့ မကျေနပ်မှု…တခါပေါက်ကွဲမှ စိတ်ပြေမယ်…နံရံကို လက်သီးနဲ့ထိုးမိတယ်”

နင်းခံရတဲ့စပါးဟာ သန်သတဲ့၊ ဘ၀ရဲ့အဓိပ္ပါယ်ကိုရှာတိုင်း လူသားအဖြစ်ကို နက်နက်ရှိုင်းရှိုင်းတွေးမိတိုင်း နာကျင်မှုတွေပဲရခဲ့ပေါင်းများတော့ ငါတို့ဟာ အလိုလိုပဲ ပုန်ကန်တတ် လာတယ်၊ လူသားဟာ သူ့ရဲ့ရပိုင်ခွင့်ကိုတောင်းဆိုဖို့ ဘယ်တော့မှဝန်မလေးဘူးဆိုတာ လက်တွေ့ပြတတ်လာတယ်၊ အုံကြွမှုတွေတိုင်း ငါတို့ရဲ့အသက်သွေးတွေနဲ့ စတေးခဲ့ပေါင်းလဲများပြီ၊ နာနာကျင်ကျင်ပဲ အရသာရှိလိုက်အုံး၊ မဆုံးသေးတဲ့တိုက်ပွဲဟာ ငါတို့ရဲ့လက်ထဲမှာရှိတယ်၊ ရောမမြို့ကြီးတောင်ပြာကျသေးတာပဲ၊ ငါတို့ရဲ့စွမ်းအားဟာ ငါတို့ရဲ့ညီညွတ်မှုနဲ့ ငါတို့ရဲ့ယုံကြည်မှု၊ လူသားဘ၀ရဲ့လွတ်လပ်ခွင့်ကို ငါတို့ မြတ်မြတ်နိုးနိုးယုံကြည်နေသရွေ့ ငါတို့ရဲ့တိုက်ပွဲဟာ ဘယ်တော့မှ မကျရှုံးသေးဘူး ။ ။
နေမွန်းသင်
၁၂-၁၀-၀၇

ဆက်ဖတ်ဦးနော်…

Wednesday, October 10, 2007

၂၀၀၇ စက်တင်ဘာနောက်ပိုင်း စိတ္တဇ

ခုတလော
အင်တာနက်ကြည့်ရတာ စိတ်မပါဘူး
သတင်းနားထောင်ရတာစိတ်မပါဘူး
ကဗျာရေးရတာ စိတ်မပါဘူး။

ခုတလော
ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်တယ်
ဝတ်ထားတဲ့အ၀တ်ကို အားမလိုအားမရဖြစ်တယ်
လူသားအဖြစ်ကို အားမလိုအားမရဖြစ်တယ်။

ခုတလော
သူငယ်ချင်းတွေနဲ့စကားပြောရတာ အရသာမရှိဘူး
ဘောလုံးပွဲကြည့်ရတာအရသာမရှိဘူး
နေရထိုင်ရတာ အရသာမရှိဘူး။

တပြည်တရွာရောက်နေပေမဲ့
ရိုက်ခတ်မှုကပြင်းတော့
စိတ်လည်းကြေ ရုပ်လည်းနွမ်း
ပန်းတွေပွင့်နေတာတောင် မလှပတော့ဘူး။

စိတ်နဲ့ကိုယ် ရုပ်နဲ့ကိုယ်
ကိုယ့်ဘ၀ကိုယ် ပြန်စမ်းမိတိုင်း
ခုမှမဟုတ်ဘူး
နှစ်၄၀-လုံးလုံး
လူဖြစ်ရက်နဲ့ လူ့ဘ၀ကိုမှငါတို့ မပိုင်ဆိုင်ခဲ့ရတာ ။ ။
နေမွန်းသင်
၁၀-၁၀-၀၇

ဆက်ဖတ်ဦးနော်…

Monday, October 8, 2007

ခေတ်သစ်တော်လှန်ရေး သင်္ကေတ (သို့) မေတ္တသုတ်ဒေသနာတော်

(၁)မေတ္တာတရားဟာ ဘယ်တော့မှ မဟောင်းနွမ်းဘူး။လူသတ်လက်နက်တွေ ရှိနေသရွေ့ ဖိနှိပ်မှုတွေ ရှိနေသရွေ့ မလွမ်းတဲ့လူသားတွေ ရှိနေသရွေ့ မေတ္တာတရားလည်း ဆက်ရှိနေအုံးမှာပါ။ ဖြစ်နိုင်ရင် သင့်လက်နဲ့ သစ်ရွက်လေး တရွက်ကိုသော်မှ ကြမ်းကြမ်းတမ်းတမ်း မချွေလိုက်ပါနဲ့၊ တေးသီနေတဲ့ ငှက်ကလေးတစ်ကောင် လန့်ဖြန့်သွားအောင် မခြောက်လှန့်လိုက်ပါနဲ့၊ အရာရာကို မြတ်နိုးချစ်ခင်တတ်အောင် ကြိုးစားပါ။နူးညံ့တဲ့နှလုံးသားတိုင်းမှာ နူးညံ့မှုအတိုင်းအဆနှင့်အမျှ ကြီးမားတဲ့အင်အားရှိတယ်။ ငါတို့ဟာ ဒေသနာတော်အတိုင်း မေတ္တာတရားကို ငါတို့ရဲ့အရေခွံတစ်ခုလို သယ်ဆောင်ခဲ့သူတွေ၊ငြိမ်းချမ်းမှုကို မြတ်နိုးသူတွေ၊ လွတ်မြောက်မှုကို ရှာဖွေခဲ့သူတွေ။ငါတို့ရွတ်ဖတ်ခဲ့တာ မေတ္တာသုတ်စစ်စစ်၊ ငါတို့လျှောက်ခဲ့တာ ငြိမ်းငြိမ်းချမ်းချမ်း၊ ငါတို့အာသီသရှိခဲ့တာ ငြိမ်းချမ်းမှုနဲ့ လွတ်မြောက်မှု၊
ငါတို့တရားဟာဒေသနာတော်လာတဲ့အတိုင်း မှန်ကန်တယ်။

(၂)မေတ္တာတရားဟာဘယ်တော့မှဟောင်းမသွားဘူး၊ငါတို့ရဲ့ခေါင်းပေါ်မှာ ငါတို့ရဲ့ ရင်ဘတ်မှာ ငါတို့ရဲ့ နှလုံးသားထဲမှာ ခေတ်ရဲ့ ဆိုးဝါးရက်စက်မှုဒဏ်ရာတွေနဲ့ ငါတို့သွေးဟာ မလိုအပ်ပဲ ကျခဲ့ရပြီ၊ ငါတို့ခြေလှမ်းတွေ စိတ်မပါပဲ ကျိုးပဲ့ခဲ့ရပြီ၊ ငါတို့ မေတ္တာသုတ်တော်ကို ဆက်ပြီးရွတ်ဖတ်ဆဲ၊ ဘယ်ခေတ် ဘယ်တော့မှ ပျက်ပျယ်မသွားတဲ့ ယုံကြည်မှုနဲ့ ငါတို့ရဲ့ဒေသနာတော်ကို ဆက်ပြီးရွတ်ဖတ်နေအုံးမှာပဲ။ဘယ်လိုအတားအဆီးမျိုးနဲ့ မှ ငါတို့ရဲ့ယုံကြည်စိတ်ကို ချေဖျက်နိုင်မှာမဟုတ်ဘူး၊ လမ်းမပေါ်မှာ ရွတ်ဖတ်လို့မရရင် ကျောင်းမှာ၊ ကျောင်းမှာ အခွင့်မရှိရင် သစ်ပင်အောက်မှာ၊ သံဃအဖြစ် ဂဏအဖြစ် ပုဂ္ဂလအဖြစ် ဘယ်နေရာရောက်ရောက် ငါတို့ဆက်ပြီးရွတ်ဖတ်နေအုန်းမှာ၊ ဆက်ပြီးရွတ်ဖတ်နေရအုံးမှာ၊ ဒါဟာ ငါတို့ရဲ့ သမိုင်းပေးတာဝန်ပဲ မဟုတ်လား။

(၃)မေတ္တာတရားဟာ ဘယ်တော့မှ မဟောင်းနွမ်းဘူး၊ကာလမရွေး ဒေသမရွေး ပုဂ္ဂိုလ်မရွေး ရွတ်ဖတ်သရဇ္ဈာယ်တိုင်း ကြားနာရတိုင်း မေတ္တာသုတ်တော်ဟာ ၁၈-၈-၂၀၀၇ ရဲ့သင်္ကေတဖြစ်တယ်၊ ခေတ်သစ်သမိုင်းရဲ့ တော်လှန်ရေးသင်္ကေတဖြစ်တယ်၊ သွေစွန်းခဲ့ရတဲ့ ဗောဓိညောင်တွေရဲ့ သင်္ကေတဖြစ်တယ်၊ ကျဆုံးတိမ်းပါးသွားရတဲ့ ငါတို့ညီနောင်တွေရဲ့ သင်္ကေတဖြစ်တယ်၊ “ကမ္ဘာမကြေ”သီချင်းဟာ အမျိုးသားရေးသီချင်းဖြစ်သလို မေတ္တာသုတ်တော်ဟာ ခေတ်သစ်တော်လှန်ရေးရဲ့ ငြိမ်းချမ်းရေးလက်နှက်ဖြစ်တယ်။ တစိတ်တ၀မ်း တသဘောတည်း နာကျင်မှုရှိတိုင်း ခံပြင်းမှုရှိတိုင်း မတရားမှုကို ခံလေရတိုင်း မေတ္တာသုတ်ဒေသနာတော်ရဲ့ တစ်ပုဒ်တစ်ဂါထာဖြစ်ဖြစ် ရွတ်ဆိုလိုက်ပါ၊ ဒါဟာငါတို့အားလုံး ဆန္ဒကို တောင်းဆိုတာပဲဖြစ်တယ်။

(၄)မေတ္တာတရားဟာ ဘယ်တော့မှ မဟောင်းဘူး၊
အဲဒီအတွက်
မေတ္တာသုတ်တော်ကို
မတရားမှုတော်လှန်ရေးရဲ့
တိုက်ခိုက်ရေးသင်္ကေတအဖြစ်
ငါတို့သတ်မှတ်အတည်ပြုကြစို့။ ။
နေမွန်းသင်
၈-၁၀-၀၇

ဆက်ဖတ်ဦးနော်…

Saturday, October 6, 2007

ရှာပုံတော်

မနက်လင်းတိုင်း
ရထားတဲ့ လူ့အဖြစ်ကိုတွေးရင်း
မျက်နှာသစ်ရေဟာ မအေးဘူး
ပွါးတဲ့တရားဟာ မငြိမ်းဘူး။

ဘာတွေဖြစ်လို့ ဖြစ်နေပြီလဲ
ဗောဓိညောင်တွေ ဝေေ၀စည်တဲ့အရပ်မှာ
ဗောဓိရွက်တွေ သဲသဲလှုပ်ကြွေနေပြီ
အပူရှိန်က ပြင်းတော့
သစ်ပင်တွေလို ဘ၀တွေက မစိမ်းဘူး။

လူသားအဖြစ်ဟာ ရသာရှိပုံပဲ
ကျမ်းစာတွေနဲ့တော့ တခြားစီ
ကံကြမ္မာဟာ ဒီအရပ်ဝန်းမှာပဲ ကွက်ကြားပူတယ်။

ရှည်ရှည်ဝေးဝေး ဘာမှမပြောတော့ဘူး
သားသည်အမေက သားကိုရိုက်လို့
သားသည်အမေကို လောကဓံကရိုက်လို့
လောကဓံကို ခေတ်ကရိုက်လို့
ခေတ်ကို “လူတစ်စု”ကရိုက်လို့
ငါတို့ဟာ လူသားတွေပါ
ငါတို့ရှာခဲ့တာ နှင်တံတွေ မဟုတ်ဘူး
ငါတို့ရခဲ့တာ ထမ်းပိုးတွေ။ ။
နေမွန်းသင်
၆.၁၀.၀၇

ဆက်ဖတ်ဦးနော်…

Friday, October 5, 2007

သတ်ကွင်းထဲမှာ

အဖြစ်အပျက်က မြန်ဆန်လွန်းတော့
ငါ့ကိုယ်ဝတ်လေး “ဖောက်”ကနဲမည်သံကို
ငါမကြားလိုက်မိဘူး
ကျည်ဆံထိပ်ဖူးဟာ
မေတ္တာစည်းကို ချိုးဖောက်ပြီးဝင်လာတယ်။

“အား” ကနဲ ငါအော်လိုက်မိသလား
“ဘိုင်း” ကနဲ ငါလဲကျသွားသလား
ငါမသိလိုက်ဘူး
စုတိစိတ်ဟာ
ကားလမ်းမပေါ် တစ်စစီ။ ။

ခောတ်အဆက်ဆက်
သူရဲကောင်းဟာ ဓားလှံမကိုင်ဘူး
မေတ္တာတရားဟာ ခြုံခိုတိုက်ခိုက်ဖို့မဟုတ်ဘူး ။ ။
- - - - - - - - - -
- - - - -- - - - - -
ခု - - -တော့ - - -ဖြင့်- -
မေတ္တာသုတ်တော်ရွတ်လို့ကောင်းတုန်း
ကြေကြေကွဲကွဲ
လူသားဘ၀လေး ကံခေခဲ့ရပြီ ။ ။
“အသက်ပေးခဲ့ရသောညီနောင်များသို့”
နေမွန်းသင်
၅.၁၀.၀၇

ဆက်ဖတ်ဦးနော်…

Thursday, October 4, 2007

ခေတ်သစ်တော်လှန်ရေးသင်္ကေတ (သို့) မေတ္တသုတ်ဒေသနာတော်

ကြားကြားတိုင်း သတိရပါ
ရွတ်ဖတ်တိုင်း အမှတ်ရပါ
မေတ္တသုတ်တော်ဟာ
ငါတို့ရဲ့ တော်လှန်ရေး သင်္ကေတ ဖြစ်ခဲ့ပြီ။

ဓါးဓါးချင်း
ဒုတ်ဒုတ်ချင်း
ယှဉ်ပြိုင်ထိုးခုတ်နေမှ မဟုတ်ဘူး
နာကျင်စရာများ ရှိတိုင်း
ခံပြင်းစရာများ ရှိတိုင်း
ရက်စက်မှုတွေ ကြုံတွေ့ရတိုင်း
တစ်ဂါထာ တစ်ဝါကျပဲ မင်းရွတ်ဆိုလိုက်စမ်းပါ
သွေးသားထဲ စီးဆင်းသွားတဲ့ ချိုမြိန်မှုနဲ့
မေတ္တာသုတ်တော်ဟာ
ငါတို့ရဲ့ တော်လှန်ရေး နိမိတ်ပုံ ဖြစ်တယ်။

ကြေကွဲတတ်ရင်
အနီရောင် စွန်းထင်းခဲ့တဲ့ ဗောဓိညောင်တွေအတွက်
မြေခခဲ့ရတဲ့ ဦးခေါင်းတော်တွေအတွက်
ကြေကွဲလို်က်အုံး
တစ်လှမ်းချင်းလှမ်းတဲ့ ခြေလှမ်းတွေအတွက်
တစ်ပိုဒ်ချင်း သရဇ္ဈယ်တဲ့ သံစဉ်တွေအတွက်
ဝမ်းနည်းလိုက်အုံး
လူမဆန်တဲ့ ရက်စက်မှုတွေကြားမှာ
“ကရဏီယ”ကို ရွတ်ဖတ်ရင်း
“န ပရောပရံ”ကို သရဇ္ဈယ်ရင်း
သွေးပွက်ပွက်အန်ခဲ့ရပြီ။
သုတ်တော်ရဲ့ ပါဒတိုင်း ပါဒတိုင်းမှာ
သွေးစွန်းနေတဲ့ ကျည်ဆန်တွေ ရှိတယ်
သုတ်တော်ရဲ့ အက္ခရာတစ်လုံချင်းမှာ
မိစ္ဆာတွေရဲ့ စစ်ဖိနပ်ဒဏ်ရာတွေ ရှိတယ်
နာနာကျင်ကျင် ခံစားလိုက်အုံး
မေတ္တသုတ်တော်ဟာ
တော်လှန်ရေးရဲ့ သွေးစက်တွေ ဖြစ်တယ်။

တောကိုပဲရောက်ရောက်
မြို့မှာပဲနေနေ
ဘယ်နေရာ ဘယ်ကာလမှ ရွတ်ဖို့ မမေ့နဲ့
မေတ္တသုတ်တော်ဟာ တော်လှန်ရေးရဲ့ သင်္ကေတ
သွေးစွန်းဗောဓိညောင်တွေရဲ့
စွန့်လွှတ်မှုနိမိတ်ပုံ
ကြေကြေကွဲကွဲ
ငါတို့ဆက်ပြီး သရဇ္ဈယ်ကြအုံးစို့။

သေနတ်တွေ တဒိုင်းဒိုင်း ပစ်နိုင်မှ
ဓားလှံတွေ တမြမြ သွေးနိုင်မှ
တော်လှန်ရေး မဟုတ်ဘူး
ခေတ်သစ်တော်လှန်ရေးဟာ
ညင်ညင်သာသာနဲ့ ရဲရဲဝံ့ ချီတက်ခြင်းပဲ ဖြစ်တယ်
ကြေကြေကွဲကွဲ ခံစားရတိုင်း
အစ အလယ် အဆုံး ဘယ်နေရာပဲ ရွတ်ရွတ်
မေတ္တသုတ်ဟာ
တော်လှန်ရေးရဲ့ ကိုယ်စားပြု လက်နက်ပဲ။

ကျီးတစ်အုပ် လန့်ဖြန့်သွားပုံလို
ငလျင်တစ်ခု ဖြတ်လှုပ်သွားသလို
ခြေလှမ်းလေး တစ်လှမ်းပဲလှမ်း
ဂါထာလေးတစ်ပုဒ်ပဲရွတ်
လူ့မိစ္ဆာတွေ လန့်ဖြန့်သွားစေရမယ်

ဧရာဝတီဟာ ငါတို့ပြည်ရဲ့ နိမိတ်ပုံ
ကမ္ဘာမကြေဟာ ငါတို့ရဲ့ အမျိုးသားသီချင်း
မေတ္တသုတ်ဟာ ငါတို့ရဲ့ တော်လှန်ရေးလက်နက်
ဘယ်လို ရက်စက်မှုနဲ့မှ တားဆီးလို့ မရဘူး
ကဲ…နာနာကျင်ကျင် ပရိတ်ရွတ်ကြအုံးစို့။

ငါတို့ရဲ့ သွေးကြောအဆက်ဆက်
ငါတို့ရဲ့ သမိုင်းအဆက်ဆက်
မေတ္တာတရားဟာ
ဘယ်တော့မှ ဟောင်းနွမ်းမသွားဘူး။
နေမွန်းသင်
၎.၁၀.၂၀၀၇

ဆက်ဖတ်ဦးနော်…