Monday, December 31, 2007

ဒီဇင်ဘာ

တိတ်တဆိတ်

ပါးပြင်ကို ခိုးနမ်းသွားပုံက

ပြတင်းအဖွင့်မှာ အရိုင်းဆန်ဆန်။


ဝိုးတ၀ါး

နေရောင်ကို ဖျားယောင်းထားပုံကလဲ

အိမ်ဝေးသူတွေရဲ့ နှလုံးသားကို

အလွမ်းနဲ့ မြှူသလိုလို။


ခေါင်းမော့ပြီး

ရနံ့ကို ရှူရှိက်ကြည့်တော့ အေးမြမြ

ဖမ်းဆုတ်ဖို့ ကြိုးစားတိုင်း

ခိုက်ခိုက်တုန်အောင် အရိုးစိမ့်တဲ့အထိ

ဒေါသတကြီး တုန့်ပြန်တတ်တယ်။


ဒီဇင်ဘာ…


သွေးကြောတစ်ဆုံး

ကျင်စက်နေတဲ့အထိ လောင်ကျွမ်းအုံးမလား

မနာကျင်ရက်ဘူး

ခလေးငယ်တစ်ယောက်ရဲ့

ကုတ်ဖဲ့တတ်တဲ့ လက်ကလေးလို

ဒီအုံ့အုံ့ဆိုင်းဆိုင်း နေထိုင်မှုလေးကိုပဲ

သိုသိုသိပ်သိပ် ကြည်နူးနေမိတယ်။


နေမွန်းသင်

၃၁.၁၂.၀၇

ဆက်ဖတ်ဦးနော်…

Thursday, December 13, 2007

မငြိမ်းသော ငြိမ်း

ပြန်တွေးလိုက်တိုင်း

မပွင့်တပွင့် အပြုံးလေးကလွဲလို့

မဟတဟ စကားပြောဟန်လေးကလွဲလို့

အပိုမလွမ်းတတ်တော့ဘူး။


ဘ၀မှာ ဘယ်နှစ်ခါ

အချစ်မှာ ဘယ်နှစ်ခါ

နာမည်လေးတစ်လုံးနဲ့ တ၀ဲလည်လည်

အစကောက်မိတိုင်း

ကျပျောက်သွားတဲ့ ဓါတ်ပုံဟောင်းလေးပဲ တသသ။


တကယ်ဆို

ဝေးပြီဆိုကတည်းက ဇတ်လမ်းက ပြီးပြီးသား

သေတပန် စိုက်ခဲ့တဲ့ ရင်ထဲမှာ

အဦးအစ ညှိခဲ့တဲ့ မီးတောက်လေးနဲ့

ဒီနေ့ထိ

ငြှိမ်းလို့ မငြိမ်းသေးဘူး။

နေမွန်းသင်

၁၃.၁၂.၀၇

ဆက်ဖတ်ဦးနော်…

Monday, December 10, 2007

နေထိုင်မတတ်သူ

ဒီနေ့တော့

အဆောင်ရှေ့က မြက်ခင်းလေးနဲ့

ဒီဇင်ဘာနှင်းပွင့်တွေအကြောင်းပဲ တွေးတော့မယ်။


စိတ်ကို ဒုံးဒုံးချပြီး

လမ်းမတကာ ရောက်ရာပေါက်ရာ

ကိုယ်နဲ့စိတ်ကို လွှတ်ကျောင်းကြည့်ပေမယ့်

ကားရောင်စုံတွေ မြင်ရတိုင်း

အတွေးမှာ…

လွတ်လွတ်လပ်လပ်ဘ၀တွေ မြင်ရတိုင်း

အတွေးမှာ…

ပြေးဆော့နေတဲ့ ကလေးတွေကို မြင်ရတိုင်း

အတွေးမှာ…

ပဲ့တင်သံလို ရိုက်ခတ်လာတဲ့ အမိမြေဆီ

မတူညီတာတွေပဲ “စံ”တစ်ခုအဖြစ် ၀င်ရောက်လာတယ်

ဟူး…

မတွေးတော့ဘူးဆိုမှ

မောတယ်။


ခေတ်နဲ့အညီ မျောပါနေတဲ့ စိတ္တဇတစ်မျိုးပေါ့

ရေဒီယိုနားထောင်ရတာနဲ့

သတင်းတွေ စုံစမ်းရတာနဲ့

ဒီရေလို တက်လိုက်ကျလိုက်

စိတ်တွေ

တနေ့မှ အစာဝတယ်လို့ မရှိဘူး။

နေမွန်းသင်

၁၀.၁၂.၀၇

ဆက်ဖတ်ဦးနော်…

Thursday, December 6, 2007

မလွတ်မြောက်သူ

ဝဋ်နာကံနာ တစ်ခုပဲ

ဘယ်နေရာမှ ပြေးမလွတ်ဘူး

ကိုယ်တူးတဲ့တွင်းနဲ့ကိုယ်

စုံးစုံးမြုတ်နေတဲ့လမ်းရယ်

ပေါလောမြောနေတဲ့ အသိရယ်

လမသာတဲ့ညရယ်

ဘာကိုမှ အပြစ်မဆိုသာတော့

ကျေးဇူးတရားမှာ နှောင်ဖွဲ့

ဇာတိမွေးမြေနဲ့ နှောင်ဖွဲ့

မကင်းရာမကင်းကြောင်းတွေနဲ့

မြုံးထဲကငါး

ငွေကြေးဟာ ဆေးမဖြစ်ဘူး

သြဇာအာဏာဟာ ပျော်ရွှင်မှု မဖြစ်ဘူး

မာကျောလာတဲ့ နှလုံးသားနဲ့

ကျွတ်ဆတ်လာတဲ့ စိတ်နဲ့

နေ့လော ညလော

အာရုံတွေေ၀၀ါးခဲ့။


တာဝန်လား နှောင်ကြိုးလား

လားရာ မကောင်းတဲ့ နေထိုင်မှု

သူရဲကောင်းမဖြစ်တဲ့ ပေးဆပ်မှု

ဘာကိုတွယ်တာလို့မှ မဟုတ်ဘဲ

ဒီနေရာက ပြေးမလွတ်ဘူး

တင်းထားတဲ့ စိတ်များ

ဘယ်နေ့များ ထောင်းခနဲ

ကိုယ်နဲ့ စိတ် မတွဲတဲ့ နေ့များ

ဘယ်အခါများ ၀ုန်းကနဲ

လူသူမသိ

အရှိန်နဲ့ တောက်နေတဲ့မီး

အဲဒီလမ်းကို ရွေးပြီး

အဲဒီလမ်းကို မရွေးချင်ဘူး။


အဆုံးနဲ့ အစဟာ တစ်ခုထဲပဲ

အချစ်နဲ့ အမုန်းဟာ တစ်ဆက်ထဲပဲ

အခုကြည့်

ချည်နှောင်ထားတဲ့ ကြိုးရဲ့အဆုံးမှာ

လွတ်မြောက်မှုကို ဆက်ချည်ထားအုံးမှာလား

ဒီအထိ

ဘ၀ဟာ ကြိုးလိုပါပဲ။ ။


ကျွန်တော်ရဲ့ ပုဂ္ဂလိကခံစားမှု သက်သက်ပါ။ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ဆက်စပ်ပြီး မတွေးယူကြဖို့ အသိပေးခြင်း ဖြစ်ပါတယ်။


နေမွန်းသင်

၀၆.၁၂.၀၇


ဆက်ဖတ်ဦးနော်…

Saturday, December 1, 2007

ကျုံးသွင်းခံထားရတဲ့ မြို့

လေးဖက်လေးတန်

လှောင်ပိတ်ထားတဲ့ လေထုထဲမှာ

အပျက်မတစ်ယောက်လို ပြောင်ပြောင်တင်းတင်း

မုသာဝါဒတွေ လမ်းသလားနေတယ်။

တီဗွီပေါ်မှာ

သတင်းစာပေါ်မှာ

မှောင်လွန်းလို့ ဘာမှ မမြင်ရဘူး။


ဂိတ်ဝမှာ ခွေးစာကျွေးနေတဲ့ ငနဲကိုများ

“လူ့အခွင့်အရေး”ဆိုပြီး ပါးစပ်သွားမဆော့လိုက်နဲ့

ပြဿနာက မသေးဘူး

အစွယ်ရှိတဲ့ သတ္တ၀ါတွေ သွေးဆာနေတဲ့ခေတ်။


ရေတစ်ခွက် ကပ်မိတာနဲ့

ဆွမ်းတစ်နပ် လှူမိတာနဲ့

တစ်သက်တစ်ကျွန်းဆိုလဲ ရောက်သွားနိုင်ရဲ့

ဥပဒေဟာ သေနတ်ပြောင်းဝမှာ ရှိတယ်

သယံဇာတတွေ ပေါသလို

မိုက်ရူးရဲတွေလဲ ထွန်းကားတယ်။


မှောင်လွန်းလို့

အိမ်ရှေ့မှာ ဖယောင်းတိုင်ထွန်းမိသလား

ဒါလဲ အပြစ်တစ်ခုပဲ

စေတီခြေရင်းမှာ

တစ်ခုခုကိုများ ထိုင်ဆုတောင်းမိသလား

ဒါလဲ ပုဒ်မတစ်ခုပဲ

စားဝတ်နေရေး အဆင်မပြေလို့

စိတ်ညစ်ညစ်နဲ့ လမ်းမပေါ်ထွက် သီချင်းဆိုမိသလား

ဒါလဲ ပုန်ကန်မှု တစ်ခုပဲ

ဘာပဲလုပ်လုပ်

ပုန်ကန်မှုမျက်လုံးတွေနဲ့ လွတ်တယ်လို့ကို မရှိဘူး

လူတွေကို ကြည့်ပုံ မြင်ပုံက

သားသတ်ရုံက နွားတွေကို ကြည့်သလို

ဘယ်နေ့မှာ ဘယ်ကောင်ကို အရင်ဆွဲရမလဲ

ဘယ်သူ့ဦးခေါင်း မာမမာ

ဘယ်ကောင့်စိတ်ဓတ် ပျော့မပျော့

လက်တဲ့စမ်းလိုစမ်း

ဖမ်းချင်တိုင်းဖမ်း ရမ်းချင်တိုင်းရမ်းလို့

မှောင်ပါတယ်ဆိုမှ

မျိုးဆက်ကြီးတစ်ခုလုံး တွင်းအောင်းကောင်တွေဖြစ်အောင်

ယုတ်ယုတ်မာမာကို “ကျုံးသွင်း”ခံနေရတဲ့အဖြစ်ပါ။


အမှန်ကို အမှန်အတိုင်းပြောမလား

ပုန်ကန်မှုပဲ

အမှားကို အမှားလို့ ဆိုမလား

ပုန်ကန်မှုပဲ

သင့်ဦးခေါင်းမှာ အဲဒါတွေ တွေးမိသလား

သင်ဟာ သူပုန်ပဲ

သင့်မျက်လုံးနဲ့ ဒီကဗျာကို ဖတ်မိသလား

သင်ဟာ သူပုန်ပဲ

စကားလုံးအပိုင်းအစတစ်ခု

စာရွက်အတိုအစလေးတစ်ရွက်

ဒီလို ဒီလို သင်ချရေးမိသလား

ဒါလဲ ပုန်ကန်မှုပဲ

ဘယ်လို ကျင့်ဝတ်နဲ့မှ ပြေးမလွတ်ဘူး။


ပြည်သူတွေအကြားမှာ

ဘယ်နေရာ ကြည့်ကြည့်

နေရာတိုင်းမှာ သူပုန်ရှိတယ်တဲ့

ငါတို့ဟာ လူငယ်တွေပါ

သူပုန်လို့ သမုတ်ခံရတယ်

ငါတို့ဟာ သွေးအေးသူတွေပါ

လူဆိုးတွေ ဖြစ်ခဲ့တယ်

ငါတို့ဟာ ပြည်သူထဲက ပြည်သူတွေပါ

ငါတို့ သူပုန်အကြည့် ကြည့်ခံရတယ်

ငါတို့က အဲဒါတွေကို မရှာဖွေပါဘဲ

အဲဒါတွေဆီ ငါတို့ကို အတင်းတွန်းပို့လိုက်ကြတယ်

ငါတို့မှာ ရွေးစရာ လမ်းမရှိဘူး

ခေတ်က တွန်းပို့တဲ့ဆီ ငါတို့သွားကြတယ်

ဦးနှောက်နဲ့ နှလုံးသားနဲ့ ခံစားမှုနဲ့

ငါတို့ နာကျင်မှုဟာ ငါတို့ရဲ့ လက်နက်ဖြစ်သလို

ငါတို့ ယုံကြည်မှုဟာ ငါတို့ တရားဖြစ်ခဲ့။


ဟုတ်တယ်

ငါတို့ဟာ သူပုန်တွေပါ

အမှောင်နဲ့ မတည့်တဲ့ရောဂါနဲ့

နေမတတ် ထိုင်မတတ် အလင်းကို ငတ်နေတဲ့

အလင်းသူပုန်တွေပဲဖြစ်တယ်။ ။

နေမွန်းသင်

၀၁.၁၂.၀၇

ဆက်ဖတ်ဦးနော်…