Showing posts with label TRAVEL. Show all posts
Showing posts with label TRAVEL. Show all posts

Friday, November 2, 2007

ကော့ပငမ်းပုံပြင်

အံ့ဩစရာပဲ

ပင်လယ်ပြင်ကြီးထဲက ကျွန်းကလေးမှာ

လူတွေအများကြီိးရောက်နေကြတယ်

ဒီလူတွေအများကြီးထဲမှာ

ငါ့လူမျိုးတွေရှိတယ်

ငါ့လူမျိုးတွေရှိတဲ့အရပ်ကို

ငါအလည်တစ်ခေါက် ရောက်ခဲ့တယ်။


ဒီလောက်ဝေးတဲ့အရပ်

ဒီလောက်လှမ်းတဲ့နေရာ

အကြောင်းမျိုးမျိုးနဲ့ 

လူတွေရောက်လာကြမယ်

အပန်းဖြေဖို့ အနားယူဖို့

ဟန်းနီးမွန်းထွက်ဖို့

ငွေဖြုံးဖို့ စသည် စသည်

အနောက်နိုင်ငံသားတွေရဲ့ ငွေဖြုန်းတဲ့နေရာ

ဒေသခံတွေရဲ့ ငွေသဲ့ယူတဲ့နေရာ

လွပ်လပ်ချင်သူတို့ရဲ့ အလုံခြုံဆုံးနေရာ

အဲဒီလိုအကြောင်းတွေကြောင့်တော့

ငါ့လူမျိုးတွေ ဒီကို မလာနိုင်ကြဘူး။


စွန့်စားချင်တဲ့စိတ်က တပိုင်းတစ

ကြီးပွါးချင်တဲ့စိတ်က တပိုင်းတစ

မိသားစုမီးကိုငြိမ်းဖို့က တပိုင်းတစ
မကျေနိုင်တဲ့ကြွေးကို ဆပ်ဖို့က တပိုင်းတစ

ချစားနေတဲ့ အိမ်ကြီးကို ရှောင်ဖို့က တပိုင်းတစ

အားလုံးမှာ

မတူညီတဲ့ဘ၀ပေးနောက်ကြောင်းတွေနဲ့

အားလုံးမှာ

တူညီတဲ့ ခါးသီးနာကျင်မှုတွေနဲ့

ငါ့လူမျိုးတွေ

အလုပ်လုပ်ဖို့ ဒီကို လာကြတယ်။


စတိုးဆိုင်တွေမှာ

ညလုံးပေါက်ဘားဆိုင်တွေမှာ

စားသောက်ဆိုင်နဲ့ ဘန်ဂလိုတွေမှာ

ကြုံရာကျရာ နေ့စားအလုပ်တွေမှာ

ပုလိပ်တွေနဲ့ တူတူပုန်းတမ်းကစားရင်း

အလုပ်ရှင်တွေနဲ့ မကျေမလည်ဖြစ်ရင်း

နေ့ဆိုင်းညဆိုင်း

မို့အစ်နီရဲနေတဲ့ မျက်လုံးတွေနဲ့

ထိုင်းမှိုင်းလေးလံနေတဲ့ ဦးနှောက်တွေနဲ့

ဆိုင်ရှင်တွေအလိုကျ

သူတို့အလုပ်လုပ်ကြတယ်။


ငါ့အမျိုးတွေ

ချေးငှားလာတဲ့လမ်းစရိတ်နဲ့

တက်လာမယ့် အတိုးကိုဆပ်ဖို့

အလုပ်ရှင်တွေရဲ့ အကြိမ်းအမောင်းကိုခံရင်း

ရရာအလုပ်ကို မရွေးတမ်း လုပ်ကြတယ်။


ငါ့အမျိုးတွေ

အခန်းကျဉ်းကလေးမှာဝိုင်းငှါးပြီးစုနေကြတယ်

တညလုံးအလုပ်လုပ်ပြီးတနေ့ လုံးအိပ်ကြတယ်

“ဘတ်”ကြေးတလတခါ ပေးရတယ်


ငါ့အမျိုးတွေ

ပုလိပ်သံကြားရင် ရှောင်ပုန်းတတ်တယ်

အချင်းချင်းတွေ့ရင် ၀မ်းမြောက်ကြတယ်

ငါ့အမျိုးတွေ

အနှိမ်ခံရရင် မုဆိုးဖိုအကြောင်းပြောတယ်

နာကျင်စရာရှိရင် ဒီခေတ်အကြောင်း ပြောတယ်


ငါ့အမျိုးတွေ

ပိုက်ဆံရဖို့

လုပ်နိုင်တာ အကုန်လုပ်တယ်

အရိုးသားဆုံး ငွေရှာကြတယ်။


ငါ့အမျိုးတွေ

သူတို့မြေကိုသူတို့ချစ်ကြတယ်

သူတို့ရိုးရာကို သူတို့မြတ်နိုးတယ်။


ငါ့အမျိုးတွေ

သူတို့တွေ အိုးမကွာအိမ်မကွာအလုပ်လုပ်ချင်ကြတယ်

သူတို့ဘုရားကျောင်းကန်ကို သူတို့ဖူးချင်ကြတယ်။


ငါ့အမျိုးတွေ

သူတို့ပညာရေးကို အဆုံးထိ သင်ချင်ကြတယ်

သူတို့တက္ကသိုလ်ကို သူတို့ လွမ်းမောကြတယ်။


ငါ့အမျိုးတွေ

သူတိုဟာ လူသားအရင်းအမြစ် ယိုစီးနေတာကိုမုန်းတယ်

သူတို့ဦးနှောက်ကို သူတို့တန်ဖိုးထားတတ်ကြတယ်


ငါ့အမျိုးတွေ

သူတို့ဟာအမိနိုင်ငံရဲ့ အမေ့ခံလူသားတွေဖြစ်တယ်

တပါးနိုင်ငံရဲ့အနှိမ်ခံအပယ်ခံတွေဖြစ်တယ်။


ငါ့အမျိုးတွေ

သူတို့ဟာ မိသားစုနဲ့ မကွဲမပြား နေချင်ကြတယ်

သူတို့မှာ လူသားဆန်တဲ့ စိတ်ခံစားမှုရှိတယ်


ငါ့အမျိုးတွေ

သူတို့ဟာ

သူတို့အိမ်သူတို့ ပြန်ချင်ကြတယ်

သူတို့မြေကို သူတို့နမ်းရှိုက်ချင်ကြတယ်

သူတို့နာကျင်မှုတွေကို သူတို့အဆုံးသတ်ချင်ကြတယ်

သူတို့တွေ တနှစ်ပြီးတနှစ်

သူတို့အိပ်မက်တွေ တညပြီးတည

အခုထိ

သူတို့ဘ၀တွေ အိမ်မပြန်နိုင်သေးဘူး ။ ။


၂၆-၅-၀၇ နေ့ ခရီးသွားအမှတ်တရ

(ကော့ပငမ်းကျွန်း= ထိုင်းနိုင်ငံ ထိုင်းပင်လယ်ကွေ့အတွင်းရှိ ပြည်ပခရီးသွားအပန်းဖြေရေးလုပ်ငန်းဖြင့် စည်ကားနေသော ကျွန်းသုံးကျွန်းထဲမှ ဒုတိယကျွန်း)

နေမွန်းသင်

၀၂.၁၁.၀၇




ဆက်ဖတ်ဦးနော်…