Showing posts with label NOTE. Show all posts
Showing posts with label NOTE. Show all posts

Friday, October 12, 2007

ယူနီဖောင်းဝတ် နံရံ

“ဘာကိုပြစ်ရှာပုံမှာလဲ…တရားခံရင်းဟာ ဘယ်သူလဲ…ကိုယ်လေ စဉ်စားမရနိုင်တိုင်း…နံရံကို လက်သီးနဲ့ထိုးမိတယ်…”

နာကျင်မှုတွေ များလာတိုင်း မကျေနပ်မှုတွေ များလာတိုင်း နံရံကို တရားခံအဖြစ် ရိုးစွပ်ရင်း ငါတို့လက်သီးတွေ သွေခြေဥခဲ့ရပေါင်းများပြီ၊ မျိုသိပ်ထားခဲ့တာတွေ ဘယ်လောက်ထိ၊ အလိမ်အညာခံခဲ့ရတာတွေ ဘယ်လောက်ထိ၊ မျိုးဆက်တွေ တဆက်ပြီးတဆက်၊ ဖိနှိပ်မှုတွေ တဆက်ပြီးတဆက်၊ အလင်းရောင်ကိုရှာသူတိုင်း ယုံကြည်မှုကလွဲလို့ အမှောင်တွေပဲ တရစပ်၊ ဘ၀ကို ဘ၀လိုချစ်မြတ်နိုးသူတိုင်း အမှန်တရားကို အမှန်တရားလိုရှာဖွေသူတိုင်း လွတ်လပ်မှုကို လွတ်လပ်မှုလိုမြတ်နိုးသူတိုင်း အချိန်ရှိတိုင်း ခံစားရတယ်၊ တွေးမိတိုင်း နာကျင်ရတယ်၊ လူသားဘ၀ဟာ ဘာ့ကြောင့် ဒီနေရာလေးမှာပဲ ကွက်ကြားမှောင်နေရတာလဲ၊ ငါတို့ရှာခဲ့တာ လူ့ဘ၀စစ်စစ်၊ ငါတို့ရခဲ့တာ မွမ်းကျပ်နေတဲ့ဖိနှိပ်မှု အညှာတာကင်းမဲ့တဲ့ရက်စက်မှု လက်တဆုပ်စာလူတစ်စုရဲ့ အာဏာနဲ့စည်းစိမ်ပေါ် မက်မောဖက်တွယ်မှု၊ လူသားဟာ သတ္တ၀ါတွေထဲမှာ အကြီးမြတ်ဆုံးနဲ့တန်ဘိုးအရှိဆုံးတဲ့၊ ငါတို့ဘ၀တွေဟာ လူ့ဘ၀စစ်စစ်ကိုပိုင်ဆိုင်ရတာမှ ဟုတ်ရဲ့လား၊ အနာဂါတ်ကိုရှာရင်း လမ်းပျောက်လို့ ပျော်ရွှင်မှုကိုရှာရင်း နာကျင်လို့ လွတ်မြောက်မှုကိုရှာရင်း လှောင်ပိတ်လို့။

“မျိုသိပ်ထားတဲ့ နာကျင်မှု…သိုသိပ်ထားတဲ့ မကျေနပ်မှု….တခါပေါက်ကွဲမှ စိတ်ပြေမယ်…”

တွေးတိုင်းတွေးတိုင်း ဒီရေလိုတရိပ်ရိပ်တက်လာတဲ့ မကျေနပ်မှုတွေနဲ့ ယဉ်ကျေးတယ်ဆိုတဲ့ ငါတို့အသိုင်းအ၀ိုင်းမှာ အသေးအမွှားအဖြစ်ကလေးကစပြီး တယောက်ကိုတယောက် ရန်သူလို ဆက်ဆံတတ်ခဲ့ပြီ၊ ဘာသာတရားရဲ့စစ်မှန်တဲ့ငြိမ်းချမ်းမှုဟာ ငါတို့အပေါ် မလွှမ်းမိုးနိုင်တော့တဲ့အဆုံး ငါတို့ဟာ အရိုင်းတွေလို လူကိုလူလို မကြည့်မမြင်တတ်တော့ လောကပါလတရားကို အလေးထားစရာလိုမမြင်တော့ လူ့ကျင့်ဝတ်တွေဟာ ပရိယေသန၀မ်းရေးအကြားမှာ ဖုတ်လှိုက်ဖုတ်လှိုက်။

“ဘာကိုပြစ်ရှာပုံမှာလဲ…တရားခံရင်းဟာ ဘယ်သူလဲ…”

ကြည့်တတ်ရင် တရားခံဟာငါတို့ရှေ့မှာ၊ မြင်တတ်ရင်မြင်လိုက်စမ်းပါ၊ ယူနီဖောင်းနဲ့ ပြည့်နေတဲ့နံရံကို ပိတ်ထိုးလိုက်စမ်းပါ၊ ငါတို့ဘ၀တွေ ချွတ်ချုံကျခဲ့တာ ငါတို့မျိုးဆက်တွေ လူစဉ်မမှီခဲ့တာ ငါတို့ရေမြေတွေ နွမ်းကျင်ခြောက်သွေ့ခဲ့ရတာ အဲဒီယူနီဖောင်းဝတ်တွေကြောင့်၊ တရားခံဟာ ငါတို့ရှေ့မှာ၊ ဘာကိုမှအပြစ်ရှာစရာမလိုတော့အောင် တရားခံဟာ ငါတို့ရှေ့မှာ။

“မျိုသိပ်ထားတဲ့ နာကျင်မှု…သိုသိပ်ထားတဲ့ မကျေနပ်မှု…တခါပေါက်ကွဲမှ စိတ်ပြေမယ်…နံရံကို လက်သီးနဲ့ထိုးမိတယ်”

နင်းခံရတဲ့စပါးဟာ သန်သတဲ့၊ ဘ၀ရဲ့အဓိပ္ပါယ်ကိုရှာတိုင်း လူသားအဖြစ်ကို နက်နက်ရှိုင်းရှိုင်းတွေးမိတိုင်း နာကျင်မှုတွေပဲရခဲ့ပေါင်းများတော့ ငါတို့ဟာ အလိုလိုပဲ ပုန်ကန်တတ် လာတယ်၊ လူသားဟာ သူ့ရဲ့ရပိုင်ခွင့်ကိုတောင်းဆိုဖို့ ဘယ်တော့မှဝန်မလေးဘူးဆိုတာ လက်တွေ့ပြတတ်လာတယ်၊ အုံကြွမှုတွေတိုင်း ငါတို့ရဲ့အသက်သွေးတွေနဲ့ စတေးခဲ့ပေါင်းလဲများပြီ၊ နာနာကျင်ကျင်ပဲ အရသာရှိလိုက်အုံး၊ မဆုံးသေးတဲ့တိုက်ပွဲဟာ ငါတို့ရဲ့လက်ထဲမှာရှိတယ်၊ ရောမမြို့ကြီးတောင်ပြာကျသေးတာပဲ၊ ငါတို့ရဲ့စွမ်းအားဟာ ငါတို့ရဲ့ညီညွတ်မှုနဲ့ ငါတို့ရဲ့ယုံကြည်မှု၊ လူသားဘ၀ရဲ့လွတ်လပ်ခွင့်ကို ငါတို့ မြတ်မြတ်နိုးနိုးယုံကြည်နေသရွေ့ ငါတို့ရဲ့တိုက်ပွဲဟာ ဘယ်တော့မှ မကျရှုံးသေးဘူး ။ ။
နေမွန်းသင်
၁၂-၁၀-၀၇

ဆက်ဖတ်ဦးနော်…

Monday, October 8, 2007

ခေတ်သစ်တော်လှန်ရေး သင်္ကေတ (သို့) မေတ္တသုတ်ဒေသနာတော်

(၁)မေတ္တာတရားဟာ ဘယ်တော့မှ မဟောင်းနွမ်းဘူး။လူသတ်လက်နက်တွေ ရှိနေသရွေ့ ဖိနှိပ်မှုတွေ ရှိနေသရွေ့ မလွမ်းတဲ့လူသားတွေ ရှိနေသရွေ့ မေတ္တာတရားလည်း ဆက်ရှိနေအုံးမှာပါ။ ဖြစ်နိုင်ရင် သင့်လက်နဲ့ သစ်ရွက်လေး တရွက်ကိုသော်မှ ကြမ်းကြမ်းတမ်းတမ်း မချွေလိုက်ပါနဲ့၊ တေးသီနေတဲ့ ငှက်ကလေးတစ်ကောင် လန့်ဖြန့်သွားအောင် မခြောက်လှန့်လိုက်ပါနဲ့၊ အရာရာကို မြတ်နိုးချစ်ခင်တတ်အောင် ကြိုးစားပါ။နူးညံ့တဲ့နှလုံးသားတိုင်းမှာ နူးညံ့မှုအတိုင်းအဆနှင့်အမျှ ကြီးမားတဲ့အင်အားရှိတယ်။ ငါတို့ဟာ ဒေသနာတော်အတိုင်း မေတ္တာတရားကို ငါတို့ရဲ့အရေခွံတစ်ခုလို သယ်ဆောင်ခဲ့သူတွေ၊ငြိမ်းချမ်းမှုကို မြတ်နိုးသူတွေ၊ လွတ်မြောက်မှုကို ရှာဖွေခဲ့သူတွေ။ငါတို့ရွတ်ဖတ်ခဲ့တာ မေတ္တာသုတ်စစ်စစ်၊ ငါတို့လျှောက်ခဲ့တာ ငြိမ်းငြိမ်းချမ်းချမ်း၊ ငါတို့အာသီသရှိခဲ့တာ ငြိမ်းချမ်းမှုနဲ့ လွတ်မြောက်မှု၊
ငါတို့တရားဟာဒေသနာတော်လာတဲ့အတိုင်း မှန်ကန်တယ်။

(၂)မေတ္တာတရားဟာဘယ်တော့မှဟောင်းမသွားဘူး၊ငါတို့ရဲ့ခေါင်းပေါ်မှာ ငါတို့ရဲ့ ရင်ဘတ်မှာ ငါတို့ရဲ့ နှလုံးသားထဲမှာ ခေတ်ရဲ့ ဆိုးဝါးရက်စက်မှုဒဏ်ရာတွေနဲ့ ငါတို့သွေးဟာ မလိုအပ်ပဲ ကျခဲ့ရပြီ၊ ငါတို့ခြေလှမ်းတွေ စိတ်မပါပဲ ကျိုးပဲ့ခဲ့ရပြီ၊ ငါတို့ မေတ္တာသုတ်တော်ကို ဆက်ပြီးရွတ်ဖတ်ဆဲ၊ ဘယ်ခေတ် ဘယ်တော့မှ ပျက်ပျယ်မသွားတဲ့ ယုံကြည်မှုနဲ့ ငါတို့ရဲ့ဒေသနာတော်ကို ဆက်ပြီးရွတ်ဖတ်နေအုံးမှာပဲ။ဘယ်လိုအတားအဆီးမျိုးနဲ့ မှ ငါတို့ရဲ့ယုံကြည်စိတ်ကို ချေဖျက်နိုင်မှာမဟုတ်ဘူး၊ လမ်းမပေါ်မှာ ရွတ်ဖတ်လို့မရရင် ကျောင်းမှာ၊ ကျောင်းမှာ အခွင့်မရှိရင် သစ်ပင်အောက်မှာ၊ သံဃအဖြစ် ဂဏအဖြစ် ပုဂ္ဂလအဖြစ် ဘယ်နေရာရောက်ရောက် ငါတို့ဆက်ပြီးရွတ်ဖတ်နေအုန်းမှာ၊ ဆက်ပြီးရွတ်ဖတ်နေရအုံးမှာ၊ ဒါဟာ ငါတို့ရဲ့ သမိုင်းပေးတာဝန်ပဲ မဟုတ်လား။

(၃)မေတ္တာတရားဟာ ဘယ်တော့မှ မဟောင်းနွမ်းဘူး၊ကာလမရွေး ဒေသမရွေး ပုဂ္ဂိုလ်မရွေး ရွတ်ဖတ်သရဇ္ဈာယ်တိုင်း ကြားနာရတိုင်း မေတ္တာသုတ်တော်ဟာ ၁၈-၈-၂၀၀၇ ရဲ့သင်္ကေတဖြစ်တယ်၊ ခေတ်သစ်သမိုင်းရဲ့ တော်လှန်ရေးသင်္ကေတဖြစ်တယ်၊ သွေစွန်းခဲ့ရတဲ့ ဗောဓိညောင်တွေရဲ့ သင်္ကေတဖြစ်တယ်၊ ကျဆုံးတိမ်းပါးသွားရတဲ့ ငါတို့ညီနောင်တွေရဲ့ သင်္ကေတဖြစ်တယ်၊ “ကမ္ဘာမကြေ”သီချင်းဟာ အမျိုးသားရေးသီချင်းဖြစ်သလို မေတ္တာသုတ်တော်ဟာ ခေတ်သစ်တော်လှန်ရေးရဲ့ ငြိမ်းချမ်းရေးလက်နှက်ဖြစ်တယ်။ တစိတ်တ၀မ်း တသဘောတည်း နာကျင်မှုရှိတိုင်း ခံပြင်းမှုရှိတိုင်း မတရားမှုကို ခံလေရတိုင်း မေတ္တာသုတ်ဒေသနာတော်ရဲ့ တစ်ပုဒ်တစ်ဂါထာဖြစ်ဖြစ် ရွတ်ဆိုလိုက်ပါ၊ ဒါဟာငါတို့အားလုံး ဆန္ဒကို တောင်းဆိုတာပဲဖြစ်တယ်။

(၄)မေတ္တာတရားဟာ ဘယ်တော့မှ မဟောင်းဘူး၊
အဲဒီအတွက်
မေတ္တာသုတ်တော်ကို
မတရားမှုတော်လှန်ရေးရဲ့
တိုက်ခိုက်ရေးသင်္ကေတအဖြစ်
ငါတို့သတ်မှတ်အတည်ပြုကြစို့။ ။
နေမွန်းသင်
၈-၁၀-၀၇

ဆက်ဖတ်ဦးနော်…