ဒဏ်ရာကို
ဒဏ်ရာလို နာကျင်ခွင့် မရတဲ့
အဲဒီအရပ်ကို
“နာဂစ်” ၀င်ရောက်လာတယ်။
သွေး ချွေး မျက်ရည်
အမိုးမဲ့ အကာမဲ့ အိမ်
ခိုကိုးရာမဲ့ လေပြင်းမှာ ရေအဆင်းမှာ
ဖိတ်စင် လေလွင့် ကြေမွ
အပိုင်းပိုင်းပြတ်သစ်ပင်လို
ဘ၀တွေ။
မျက်ရည်နဲ့ မလုံလောက်တော့ဘူး
သံဝေဂနဲ့ ၀န်မမျှတော့ဘူး
သောက ပရိဒေ၀ ဥပယာသ
ငိုသံတွေဟာ ပွဲတော်ကြီးတခုလို
လေသံ မိုးသံ ပြိုလဲသံတွေနောက်
သန်းပေါင်းများစွာ
မီးတောက်တွေလို ဘ၀တွေဟာ အဆူ။
“နာဂစ်”ဟာ
ငါတို့ ကျောကို တေ့ထားတဲ့ စနစ်တစ်ခုလို
ရိုင်းရိုင်းစိုင်းစိုင်း
မရှိမဲ့ရှိမဲ့ အ၀တ်အစားကို ချွတ်ယူသွားတယ်
မ၀တ၀ ဆန်အိုးကို ရိုက်ခွဲသွားတယ်
နူရာဝဲစွဲ လဲရာသူခိုးထောင်း
ဘ၀နင်းပြားတွေရဲ့ ပြားချပ်ချပ်ရင်ကို
မိုးရေမှာ ပေါလောမျောစေဖို့
နာဂစ် ၀င်လာတယ်။
နာဂစ်ဟာ
ခါးမှာ ချိတ်ထားတဲ့ သတ္တုအပိုင်းအစ တစ်ခုလို
အကြင်နာတရား မရှိတတ်ဘူး
ငတ်ပြတ် စုတ်ပဲ့နေတဲ့ ဘ၀အသေတွေအပေါ်
စာနာနားလည်ဖို့ အသိဉာဏ်မရှိဘူး
နာဂစ်ဟာ
ငိုစရာ ခိုကိုးရာမဲ့နဲ့ မလုံခြုံမှုတွေကို
အရိုးတွေနဲ့ အတင်းအဓမ္မဖုံးဖိဖို့
နာကျင်စရာကို
နာကျင်စရာလို့ ထုတ်ပြောခွင့်မရတဲ့
အဲဒီအရပ်ဆီ
နာဂစ် ၀င်လာတယ်။
(မုန်တိုင်းဒဏ်ခံရတဲ့ မိသားစုတစ်ခုလို ၀မ်းနည်းမှုနဲ့ နာကျင်မှုကို ကျနော် ပြိုင်တူခံစားနေရပါတယ်)
နေမွန်းသင်
၀၇.၀၅.၀၈
Wednesday, May 7, 2008
နာဂစ်
Sunday, April 27, 2008
သက္ကရာဇ်အချိုးအကွေ့နှင့် ရထား
အချိုးအကွေ့မှာ
အရောင်တလဲ့လဲ့ တောက်နေတဲ့ မေတ္တာတရားကို တွေ့တယ်။
အမှောင်နဲ့ ထုဆစ်ထားတဲ့ လမ်းမပေါ်
အစိမ်းတစိုစို သွေးစက်တွေ မခြောက်သေးဘူး
အချိုးအကွေ့မှာ
အော်သံတွေနဲ့ ယက်ဖွဲ့ထားတဲ့ နာရီတစ်လုံးတွေ့တယ်။
သမိုင်းဟာ ရထားတစ်စင်းလို
အကောင်းနဲ့ အဆိုးကို သယ်ယူရစမြဲ
ဘူတာတွေ တစ်ခုပြီးတစ်ခုပေါ့။
အရှေ့မှာ
အရှိန်နဲ့ တောက်နေတဲ့ သံလမ်းကို တွေ့လား
သွေးချွေးနဲ့ ရင်းရတဲ့ အလုပ်ဆိုတာ
သစ်ပင်လေးတစ်ပင် စိုက်သလို မလွယ်ကူပေဘူး
အခုမပွင့်လည်း ရေလောင်းရင်း ပေါင်းသင်ရင်း
ရာသီကို စောင့်အုံးပေါ့
သက္ကရာဇ်တစ်ခုကို သွေးကြွေးအဖြစ် ချန်ထားဖို့
ဟန်ချက်ညီညီ
လည်နေတဲ့ ဘီးကို အရှိန်မလျော့လိုက်နဲ့။
နေမွန်းသင်
၂၇.၀၄.၀၈
Sunday, April 20, 2008
တစ္ဆေ
အမှောင်နဲ့ အသားတကျ
သူ့ကိုယ်သူ မမြင်နိုင်တော့တဲ့ ယစ်မူးမှုနဲ့
နှစ်နှစ်ဆယ်လုံးလုံး ကပ်ငြိဂျိုးထ
တဂျစ်ဂျစ် မြည်နေတဲ့ အာခေါင်ခြစ်သံနဲ့
ဟောင်းလောင်းပွင့်နေတဲ့ အစာအိမ်တွေကို
အသားစိမ်းတုံး တစ်တုံးလို အရသာခံ ကျွတ်ကျွတ်ကိုက်ဝါးနေပုံ
“ဘယ်လက်ဖြင့် သွေးခွက်ကို ကိုင်၍
ညာလက်ဖြင့် မျက်ရည်ကို ညှစ်ယူသောက်မြိုအံ့”
ဒီနေ့ခေတ်ရဲ့ အကုသိုလ်အမွှေးအမျှင်အထူဆုံးသတ္တ၀ါ
နေ၀င်ဖြိုးဖျ မှောင်ကျကျ အရိပ်မှာ
မသေမရှင် တံစို့ထိုးကင်ထားတဲ့ “မြေပုံ”ပေါ်
မိန့်မိန့်ကြီးထိုင်နေတယ်
တစ္ဆေ။ ။
နေမွန်းသင်
၂၀.၀၄.၀၈
Wednesday, April 16, 2008
တစ်ယောက်တည်းကျတဲ့ သင်္ကြန်
စိတ်ချဉ်ပေါက်ပေါက်နဲ့
အခန်းရှေ့ လာရပ်တဲ့ သင်္ကြန်ကို
ခွက်စောင်းနဲ့ ခုတ်မိတော့မယ်
ပူလွယ်ကျွမ်းလွယ် ခပ်ဆွေးဆွေး နေရာတခုဆီမှာ။
တူးပို့ တူးပို့ ကြားရုံနဲ့
စိတ်တလှပ်လှပ် မြူးလို့ ကြွလို့
ဘယ်အချိန်ကတည်းက အောင်းဝင်နေတဲ့ အညှို့ဓာတ်လဲ
ရေစက်ရေပေါက်တွေ ဆာတယ်။
ပျင်းခြောက်ခြောက်
ဆေးလိပ်ပဲ နင်းကန်ဖွာ
မုန့်လုံးရေပေါ်လဲ မစားရဘူး
ရေစိုအပျိုတွေလည်း မငေးရဘူး
ပိတောက်ပွင့်တွေ ဆာတယ်။
တစ်ယောက်တည်း
သင်္ကြန်ကို တိုးတိုးတိတ်တိတ်
လှောင်ကန်ထဲက ငါးတွေရဲ့ ဖြေဆေးတစ်ခွက်
ငတ်ပြတ်နေတဲ့ အပျော်တွေရဲ့ ထွက်ပေါက်တစ်ပေါက်
ယဉ်ကျေးမှုမျက်ရည်တွေရဲ့ ကပွဲတစ်ပွဲ
ငါ…အသက် တစ်နှစ် ကြီးပြီလား
တကယ် မရလိုက်တဲ့ အနှစ် တနှစ်ကိုပဲ ဆာတယ်…။
နေမွန်းသင်
၁၆.၀၄.၀၈
Friday, April 11, 2008
ဖုန်း
တံခါးကို ပိတ်ထားပေမယ့်
နားကို ပိတ်မထားတတ်တော့ ခက်တယ်
တကိုယ်ရေ မွန်းကျပ်လှောင်ပိတ်လာတဲ့အခါများ
နားတစ်စုံကို မွတ်မွတ်သိပ်သိပ် နမ်းပစ်လိုက်ရမှ
စကားလုံးတွေ ရေငတ်ပြေတဲ့ရောဂါ။
အိတ်ကပ်ထဲဝင်ပြီး
တကျစ်ကျစ် ကိုက်ခဲနေတဲ့အသံကိုတောင်
မုန်းလို့ နာလို့ မရဘူး
ခေတ်ရေစီးကိုက ရပ်လိုက်တာနဲ့ လဲပြိုသွားနိုင်တဲ့အရှိန်။
သိမ်ငယ်မှုတွေကို ပထုတ်ပစ်ဖို့ပဲဖြစ်ဖြစ်
လူရှေ့သူရှေ့ ထုတ်ကြွားဖို့ပဲဖြစ်ဖြစ်
စက္ကန့်လိုက် ရွေ့နေတဲ့ အံ့မခန်းမှုတွေကို ထောက်လှန်းဖို့ပဲဖြစ်ဖြစ်
ဒီနေ့ခေတ်မှာတော့ တကယ့်အရေးပါတဲ့အရာ။
ကူးလူးဆက်ဆံမှုဆိုတာ
ဂဏန်းလေး ဆယ်လုံးကျက်မှတ်ထားရုံနဲ့
ကမ္ဘာကြီးတပတ် လမ်းသလားလို့ ရနိုင်တဲ့အဖြစ်
ဒါ…ဒီနေ့ခေတ်ရဲ့ မိလ္လာကျုံးသမားတွေတောင် ရနေကြတဲ့ အခွင့်အရေး။
ခင်ဗျားရော
နေ၀င်တာကို နောက်ကနေ လိုက်ကြည့်နေရတဲ့ ရောဂါကို ခံစားခဲ့ဖူးလား
ဒိုင်နိုဆောတွေ မျိုးပြုန်းတဲ့ခေတ်မှာ
ကျနော့် မေမေနေတယ်
ဝေးကတည်းက
စကားမပြောရတာ ရက်ပေါင်းနှစ်ရာ့တစ်ဆယ်။
နေမွန်းသင်
၁၁.၀၄.၀၈
Friday, March 28, 2008
ကဗျာဆရာ တောမှောက်ခြင်း
ဖြစ်နိုင်ရင်
သေနတ် ပစ်သလို တဒိုင်းဒိုင်း
ကဗျာကို ပစ်ထုတ်လိုက်ချင်ရဲ့
ရေးစရာက သောင်းခြောက်ထောင်
စိတ်နဲ့ငြိတဲ့ စကားလုံးက လက်တဆစ်
အဘိဓမ္မာက ခပ်ပါးပါး
နေ့ကို ညကို ခေါင်းပန်းလှန်ရင်း
မပြိုတဲ့ မိုးနဲ့ ဆက်ပြီးရွာ
စိတ္တဇပဲ
အဓိပ္ပါယ်ငတ်နေတဲ့ စကားလုံးတွေပဲ
တနေ့နေ့
ဒရောသောပါး လှိမ့်ဆင်းလာတဲ့ တောင်ကျရေမှာ
သားကောင်ကို ပစ်ဖမ်းဖို့ အာရုံတချိန်ချိန်နဲ့
ဘာကို ရေးချလိုက်ရမှာလဲ
ငါရေးသမျှ ကဗျာဖြစ်ခဲ့ရင်
ငါရေးသမျှ ကဗျာမဟုတ်တော့ဘူး
ဆိုပြီး…
ဒဏ်ရာဗရပွဖွက်ထားတဲ့ မုဆိုး
အိမ်ပြန်ခဲ့ပြီ။
နေမွန်းသင်
၂၈.၀၃.၀၈
Friday, March 21, 2008
တေလေတစ်ကောင်ရဲ့ ပစ္စလက္ခတ်နွေ
ခြောက်နှစ်လုံးလုံး
ငါမျှော်တလင့်လင့် ကြည့်ခဲ့ရတဲ့ ကြယ်ကလေး
ဖန်ကွဲစတွေရဲ့ ချွင်ကနဲ ကျကွဲသံနဲ့အတူ
မတ်လရဲ့ မပြည့်တပြည့်လရောင်အောက်မှာ
ညင်ညင်သာသာ တပ်ဆုတ်သွားပုံက
ငါ့ဘ၀တစ်ခုလုံးထက် လှတယ်။
“ခွင့်လွှတ်ပေးပါ”ဆိုတဲ့ စကားလုံးလေးတစ်လုံး
ပေါ့ပေါ့ပါးပါး ပစ်ချလိုက်တဲ့ အသံ
ငါ့ရင်မှာ ပဲ့တင်ထပ်လို့ မဆုံးတော့ဘူး။
အချစ်က
ဘ၀ကို မဖြစ်စလောက်လေးပဲ နမ်းရှိုက်တယ်
အစွဲအလမ်းကို တက်မက်သူတို့ရဲ့ အစဉ်အလာအတိုင်း
ငိုသံကို အပြင်မထွက်အောင် ကျိတ်မျိုခဲ့ရ
အရှုံးအမြတ်ကို မတွက်ချက်တတ်ပေမယ့်
နှလုံးသားခမျာ နလံထဖို့ အချိန်အတော် ယူရအုံးမယ်။
အဆုံးသတ်မှာ
မင်းလဲ မမှားသလို
ငါလဲ လွမ်းလို့ လွမ်းဆဲပါပဲ။
အချစ်ကို ငတ်မွတ်ပြီး
ငွေကြေးကို မသိမ်းသွင်းတတ်တဲ့သူဟာ
ကန်းနေတဲ့ တေလေပေါ့။
အမှတ်တမဲ့ဖြင့် ထွက်ခွါသွားခဲ့ပါ
ကြေကြေကွဲကွဲ ငါကျန်ခဲ့ပါရစေ။
အလွမ်းမှာ ထုထည်ရှိပြီးသား လူက
ဝေးကွာခြင်းကို ဘာလို့ လက်မခံရဲရမှာလဲ
နေ့နေ့ညည ဆေးလိပ်တစ်လိပ်လို လောင်ကျွမ်းအချစ်ကို
ဖွာရှိုက်နေပါရစေ။
ပင့်သက်တစ်ချက် ရှိုက်တိုင်း
ရင်မှာ မြှားတစ်ချက် စူးပါစေ
ဝေဒနာဟာ အဖော်ဆိုရင်
ဒီကောင့် ရှင်သန်မှုဟာ အမှောင်ည တစ်ညပေါ့။
ပျံသန်းသွားပါ
ရွှေရောင်တလဲ့လဲ့ အနာဂတ်တစ်ခုဆီ
ရဲရဲတောက် ပျံသန်းသွားခဲ့ပါ
နင့်တောင်ပံတစ်စုံနဲ့ မလုံလောက်ခဲ့ရင်
ငါ့ခွင့်လွှတ်ခြင်းကိုလဲ နှုတ်ယူသွားပါအုံး
မနာကျင် မခံစားတတ်တဲ့ ရင်ခွင်တစ်ခုပဲ
ရော်ရွက်တစ်ရွက်လို ငါ့ဆီ ချွေချထားခဲ့ပါ။
ပြီးဆုံးသွားပြီ
ပြီးဆုံးသွားပြီလို့
ခြောက်လှန့်တတ်တဲ့ တစ္ဆေတစ်ကောင်နဲ့ ငါ
နေ၀င်ရီတရောမှာ တဖက်ကမ်းခတ်
အလွမ်းနဲ့ မှော်အောင်ပါရစေ။
ချစ်သော မိမိလွင်ရေ
ငါ့ညီမလေးရေ
အလွမ်းက မအိပ်စက်တတ်ဘူးကွဲ့။
ချိုမြိန်သော လမ်းမှာ
ဆာလောင်နေသော အနမ်းကို ရှာတွေ့နိုင်ပါစေ။
ဘ၀က ခါးတယ်ကွဲ့
ထမင်းလုတ်က အချစ်ကို အနုကြမ်းစီးနိုင်တယ်ကွဲ့
သိမ်ငယ်မှုနဲ့ စီးနေတဲ့ မြစ်ကို
ဘ၀ရဲ့ တေးတစ်ပုဒ် အဖြစ်
ငါငေးလိုက်ပါတယ်။
ဒီဘ၀ထဲ
မဆုံတဲ့ အချစ်နဲ့ အဖန်တရာ
လွဲရပါလို၏ အရှင်ဘုရား။
အသေးအမွှား ပွင့်ခဲ့တဲ့ နေ့ရက်လေးကအစ
တယုတယ ကိုင်တွယ်ခဲ့တဲ့ လက်ဖ၀ါးနုကလေးအဆုံး
အားလုံးကို မိုးအဖြစ် ရွာသွန်းလိုက်ပါရဲ့
ငါ့ပါးပြင်ထက်မှာ။
ချစ်သော မိမိလွင်ရေ
ဘ၀ကူးမကောင်းတဲ့ ချစ်ခြင်းကို
ဒီမှာပဲ ရှိုက်ရှိုက်နင့်နင့် ငိုလိုက်ကြအုံးစို့
ကမ္ဘာမြေဟာ
ငါတို့ မျက်ရည်တွေကိုတော့ ကြည်ဖြူပါလိမ့်မယ်။
ပြီးဆုံးသွားပြီလို့
ငါ့ကိုယ်ငါ ပြောတောင် မယုံတော့ဘူး
အချစ်ဆိုတာ ဓားထက်ထက်တစ်ချောင်းပဲလားကွယ်။
အို…တိုက်ခတ်လာသော လေပြေ
အလွမ်းဖြင့် မွှေးမြသော အရပ်ဆီ
ငါ့အား သယ်ဆောင်ခဲ့ပါလေ
အချစ်ကြောင့် ကွဲရှနေသော နှလုံးသားဖြင့်
သင့်အား ပူဇော်ပါအံ့။
အို…လှိုင်းဖြင့် ယစ်မူးနေသော ပင်လယ်
သင့်ရဲ့ အဆုံးအစ မထင်သော သိမ်းပိုက်မှု၌
ငါ့ ဂူသချိ င်္ုင်းကို မြုတ်နှံခွင့်ပြုပါ
သွေးသားဖြင့် အတိပြီးသော ပင့်သက်တို့ဖြင့်
သင့် လျှို့ဝှက်နက်နဲမှုကို ပို၍ နက်မှောင်စေအံ့။
ဤတေလေသည်
ပစ္စက္ခတ်ဘုံမှ မလွတ်မြောက်နိုင်သော သားကောင် ဖြစ်ပါ၏
ထွက်ပေါက်တို့ဖြင့် ကြည်လင်နေသော စမ်းချောင်းလေးနဘေး
အပူခိုးတို့ဖြင့် ဖုံးသော စိတ်အား ဆေးကြောခွင့် ပြုပါ။
အလွမ်း၏ တွန်သံဖြင့်
အဖော်မဲ့ ဥသြငှက်တို့အား တေးသီခွင့်ပြုပါ
နွေ၏ ပူလောင်ခြင်းသည်
ငါ့ နှလုံးသား၏ အရှိန်ကြောင့် တွန့်လိမ်နေဘိ၏။
ချစ်ခဲ့ရပါသော
ငါ့ မိမိလွင်ရေ
တကိုယ်ကောင်းဆန်ဆန် အလွမ်းတွေနဲ့
ငါ့ချစ်ခြင်းကို အဆိပ်ခတ်လိုက်ပါပြီ
ကာလရှည်လျားသော တနေ့နေ့
နားလည်မှုနဲ့ ဖုံးပိတ်ထားတဲ့ ငါ့အုတ်ဂူကို ဖွင့်ပါ
ခွင့်လွှတ်ခြင်းနဲ့ ပြာလဲ့နေတဲ့ ပန်းတပွင့်
နင့်ဆံမြိတ်မှာ ပန်ဖို့ ငါ့အလွမ်းတွေ ပျိုးထားခဲ့တယ်။
ယနေ့မှ စ၍
အမှောင်ဖြင့်အတိပြီးသော နွေလည်ခေါင်၌
ငါ့အာ့ ဆက်ပြီး မှောင်ခွင့်ပြုပါတော့။
နေမွန်းသင်
၂၁.၀၃.၀၈
Saturday, March 15, 2008
သူလိုကိုယ်လိုများနှင့် စကားများခြင်း
မျက်ရည်ပေါက်ပေါက်ကျနေတဲ့ မြို့ကို
ဘယ်လိုစိတ်နဲ့ ရယ်ခြင်းဖွဲ့မလဲ
နှလုံးသားရှိသူတိုင်
ခံစားရသမျှ နာကျင်ဖူးလိမ့်မယ်။
ဗဟုယဉ်ကျေးမှုကို တွေးမိတိုင်း
အိပ်ရေးမ၀တဲ့ ဘ၀တွေ ဘယ်လောက်များမလဲ
ဒီမှာ
လူဟာ လူလို အသက်ရှင်ဖို့
လူဟာ လူလို အသက်မရှူရဘူး
ထူးဆန်းထွေလာ မြို့ကြီးထဲမှာ
စိတ်တပေါက် လွှတ်ချလိုက်တိုင်း
သွေးတစ်ပေါက် ခါးသက်တယ်။
ကျေနပ်တတ်ရင်တော့
သူလိုကိုယ်လို မျက်ရည်ကျလိုက်ပါ
နက်နက်နစ်အောင် တူးတိုင်း
ဘ၀ဟာ ဆားမပါတော့ဘူး
အဆင်ပြေသလို ဆိုတာတွေနဲ့
အခု ခင်ဗျား လွယ်ထားတဲ့ အဥခွံမှာ အကာချည်းသက်သက်
စိတအနာဆိုတာ
ကျင်လည်ရတဲ့ အနေအထားအလိုက် အနုအရင့်ကွဲမယ်။
ဆိုလိုတာ စကားအသစ်အဆန်းတွေ မဟုတ်ဘူး
ပစ်စလခတ် ရွဲ့နေတဲ့ အတွေးကို
ပစ်စလခတ် ရွှေ့ပစ်လိုက်ဖို့ပဲ။
နေမွန်းသင်
၁၅.၀၃.၀၈
Tuesday, March 11, 2008
ခရီးသွား
ကန္တာရဆန်ဆန်
မြို့တွေက ငါ့ကို ဖြတ်စီးသွားတယ်
ရှုမျှော်ခင်းတွေ သွေ့ခြောက်နေတဲ့ အရပ်မှာ
ကျောက်တုံးတစ်တုံးလို ငါ
လွတ်ကျခဲ့…
ကြေကွဲခဲ့…
မသိမ်းပိုက်နိုင်တဲ့ တောင်ကုန်းလေးကို
ရထားတစ်စီးလို စီးတုန်း
အရွယ်တွေ
ငှက်တစ်အုပ်လို အဝေးကို ဖြတ်ပျံသွားတယ်
နှောင်တဲ့ကြိုးနဲ့
နေ၀င်ချိန်ကိုပဲ လှလှပပ ငေးလိုက်ရတော့မလား…
ရင်တလှပ်လှပ်ဆာနေတဲ့ ချောင်းကောလေးလို
နှစ်သိမ့်မှုကို မွတ်တသိပ်
အရပ်ဝန်းတစ်ခုဆီ အငေးမှာ
မျက်ဝန်းတွေ မြူတွေ ဆိုင်းတယ်။
နေမွန်းသင်
၁၁.၀၃.၀၈
Monday, December 31, 2007
ဒီဇင်ဘာ
တိတ်တဆိတ်
ပါးပြင်ကို ခိုးနမ်းသွားပုံက
ပြတင်းအဖွင့်မှာ အရိုင်းဆန်ဆန်။
ဝိုးတ၀ါး
နေရောင်ကို ဖျားယောင်းထားပုံကလဲ
အိမ်ဝေးသူတွေရဲ့ နှလုံးသားကို
အလွမ်းနဲ့ မြှူသလိုလို။
ခေါင်းမော့ပြီး
ရနံ့ကို ရှူရှိက်ကြည့်တော့ အေးမြမြ
ဖမ်းဆုတ်ဖို့ ကြိုးစားတိုင်း
ခိုက်ခိုက်တုန်အောင် အရိုးစိမ့်တဲ့အထိ
ဒေါသတကြီး တုန့်ပြန်တတ်တယ်။
ဒီဇင်ဘာ…
သွေးကြောတစ်ဆုံး
ကျင်စက်နေတဲ့အထိ လောင်ကျွမ်းအုံးမလား
မနာကျင်ရက်ဘူး
ခလေးငယ်တစ်ယောက်ရဲ့
ကုတ်ဖဲ့တတ်တဲ့ လက်ကလေးလို
ဒီအုံ့အုံ့ဆိုင်းဆိုင်း နေထိုင်မှုလေးကိုပဲ
သိုသိုသိပ်သိပ် ကြည်နူးနေမိတယ်။
နေမွန်းသင်
၃၁.၁၂.၀၇
Thursday, December 13, 2007
မငြိမ်းသော ငြိမ်း
ပြန်တွေးလိုက်တိုင်း
မပွင့်တပွင့် အပြုံးလေးကလွဲလို့
မဟတဟ စကားပြောဟန်လေးကလွဲလို့
အပိုမလွမ်းတတ်တော့ဘူး။
ဘ၀မှာ ဘယ်နှစ်ခါ
အချစ်မှာ ဘယ်နှစ်ခါ
နာမည်လေးတစ်လုံးနဲ့ တ၀ဲလည်လည်
အစကောက်မိတိုင်း
ကျပျောက်သွားတဲ့ ဓါတ်ပုံဟောင်းလေးပဲ တသသ။
တကယ်ဆို
ဝေးပြီဆိုကတည်းက ဇတ်လမ်းက ပြီးပြီးသား
သေတပန် စိုက်ခဲ့တဲ့ ရင်ထဲမှာ
အဦးအစ ညှိခဲ့တဲ့ မီးတောက်လေးနဲ့
ဒီနေ့ထိ
ငြှိမ်းလို့ မငြိမ်းသေးဘူး။
နေမွန်းသင်
၁၃.၁၂.၀၇
Monday, December 10, 2007
နေထိုင်မတတ်သူ
ဒီနေ့တော့
အဆောင်ရှေ့က မြက်ခင်းလေးနဲ့
ဒီဇင်ဘာနှင်းပွင့်တွေအကြောင်းပဲ တွေးတော့မယ်။
စိတ်ကို ဒုံးဒုံးချပြီး
လမ်းမတကာ ရောက်ရာပေါက်ရာ
ကိုယ်နဲ့စိတ်ကို လွှတ်ကျောင်းကြည့်ပေမယ့်
ကားရောင်စုံတွေ မြင်ရတိုင်း
အတွေးမှာ…
လွတ်လွတ်လပ်လပ်ဘ၀တွေ မြင်ရတိုင်း
အတွေးမှာ…
ပြေးဆော့နေတဲ့ ကလေးတွေကို မြင်ရတိုင်း
အတွေးမှာ…
ပဲ့တင်သံလို ရိုက်ခတ်လာတဲ့ အမိမြေဆီ
မတူညီတာတွေပဲ “စံ”တစ်ခုအဖြစ် ၀င်ရောက်လာတယ်
ဟူး…
မတွေးတော့ဘူးဆိုမှ
မောတယ်။
ခေတ်နဲ့အညီ မျောပါနေတဲ့ စိတ္တဇတစ်မျိုးပေါ့
ရေဒီယိုနားထောင်ရတာနဲ့
သတင်းတွေ စုံစမ်းရတာနဲ့
ဒီရေလို တက်လိုက်ကျလိုက်
စိတ်တွေ
တနေ့မှ အစာဝတယ်လို့ မရှိဘူး။
နေမွန်းသင်
၁၀.၁၂.၀၇
Thursday, December 6, 2007
မလွတ်မြောက်သူ
ဝဋ်နာကံနာ တစ်ခုပဲ
ဘယ်နေရာမှ ပြေးမလွတ်ဘူး
ကိုယ်တူးတဲ့တွင်းနဲ့ကိုယ်
စုံးစုံးမြုတ်နေတဲ့လမ်းရယ်
ပေါလောမြောနေတဲ့ အသိရယ်
လမသာတဲ့ညရယ်
ဘာကိုမှ အပြစ်မဆိုသာတော့
ကျေးဇူးတရားမှာ နှောင်ဖွဲ့
ဇာတိမွေးမြေနဲ့ နှောင်ဖွဲ့
မကင်းရာမကင်းကြောင်းတွေနဲ့
မြုံးထဲကငါး
ငွေကြေးဟာ ဆေးမဖြစ်ဘူး
သြဇာအာဏာဟာ ပျော်ရွှင်မှု မဖြစ်ဘူး
မာကျောလာတဲ့ နှလုံးသားနဲ့
ကျွတ်ဆတ်လာတဲ့ စိတ်နဲ့
နေ့လော ညလော
အာရုံတွေေ၀၀ါးခဲ့။
တာဝန်လား နှောင်ကြိုးလား
လားရာ မကောင်းတဲ့ နေထိုင်မှု
သူရဲကောင်းမဖြစ်တဲ့ ပေးဆပ်မှု
ဘာကိုတွယ်တာလို့မှ မဟုတ်ဘဲ
ဒီနေရာက ပြေးမလွတ်ဘူး
တင်းထားတဲ့ စိတ်များ
ဘယ်နေ့များ ထောင်းခနဲ
ကိုယ်နဲ့ စိတ် မတွဲတဲ့ နေ့များ
ဘယ်အခါများ ၀ုန်းကနဲ
လူသူမသိ
အရှိန်နဲ့ တောက်နေတဲ့မီး
အဲဒီလမ်းကို ရွေးပြီး
အဲဒီလမ်းကို မရွေးချင်ဘူး။
အဆုံးနဲ့ အစဟာ တစ်ခုထဲပဲ
အချစ်နဲ့ အမုန်းဟာ တစ်ဆက်ထဲပဲ
အခုကြည့်
ချည်နှောင်ထားတဲ့ ကြိုးရဲ့အဆုံးမှာ
လွတ်မြောက်မှုကို ဆက်ချည်ထားအုံးမှာလား
ဒီအထိ
ဘ၀ဟာ ကြိုးလိုပါပဲ။ ။
ကျွန်တော်ရဲ့ ပုဂ္ဂလိကခံစားမှု သက်သက်ပါ။ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ဆက်စပ်ပြီး မတွေးယူကြဖို့ အသိပေးခြင်း ဖြစ်ပါတယ်။
နေမွန်းသင်
၀၆.၁၂.၀၇
Saturday, December 1, 2007
ကျုံးသွင်းခံထားရတဲ့ မြို့
လေးဖက်လေးတန်
လှောင်ပိတ်ထားတဲ့ လေထုထဲမှာ
အပျက်မတစ်ယောက်လို ပြောင်ပြောင်တင်းတင်း
မုသာဝါဒတွေ လမ်းသလားနေတယ်။
တီဗွီပေါ်မှာ
သတင်းစာပေါ်မှာ
မှောင်လွန်းလို့ ဘာမှ မမြင်ရဘူး။
ဂိတ်ဝမှာ ခွေးစာကျွေးနေတဲ့ ငနဲကိုများ
“လူ့အခွင့်အရေး”ဆိုပြီး ပါးစပ်သွားမဆော့လိုက်နဲ့
ပြဿနာက မသေးဘူး
အစွယ်ရှိတဲ့ သတ္တ၀ါတွေ သွေးဆာနေတဲ့ခေတ်။
ရေတစ်ခွက် ကပ်မိတာနဲ့
ဆွမ်းတစ်နပ် လှူမိတာနဲ့
တစ်သက်တစ်ကျွန်းဆိုလဲ ရောက်သွားနိုင်ရဲ့
ဥပဒေဟာ သေနတ်ပြောင်းဝမှာ ရှိတယ်
သယံဇာတတွေ ပေါသလို
မိုက်ရူးရဲတွေလဲ ထွန်းကားတယ်။
မှောင်လွန်းလို့
အိမ်ရှေ့မှာ ဖယောင်းတိုင်ထွန်းမိသလား
ဒါလဲ အပြစ်တစ်ခုပဲ
စေတီခြေရင်းမှာ
တစ်ခုခုကိုများ ထိုင်ဆုတောင်းမိသလား
ဒါလဲ ပုဒ်မတစ်ခုပဲ
စားဝတ်နေရေး အဆင်မပြေလို့
စိတ်ညစ်ညစ်နဲ့ လမ်းမပေါ်ထွက် သီချင်းဆိုမိသလား
ဒါလဲ ပုန်ကန်မှု တစ်ခုပဲ
ဘာပဲလုပ်လုပ်
ပုန်ကန်မှုမျက်လုံးတွေနဲ့ လွတ်တယ်လို့ကို မရှိဘူး
လူတွေကို ကြည့်ပုံ မြင်ပုံက
သားသတ်ရုံက နွားတွေကို ကြည့်သလို
ဘယ်နေ့မှာ ဘယ်ကောင်ကို အရင်ဆွဲရမလဲ
ဘယ်သူ့ဦးခေါင်း မာမမာ
ဘယ်ကောင့်စိတ်ဓတ် ပျော့မပျော့
လက်တဲ့စမ်းလိုစမ်း
ဖမ်းချင်တိုင်းဖမ်း ရမ်းချင်တိုင်းရမ်းလို့
မှောင်ပါတယ်ဆိုမှ
မျိုးဆက်ကြီးတစ်ခုလုံး တွင်းအောင်းကောင်တွေဖြစ်အောင်
ယုတ်ယုတ်မာမာကို “ကျုံးသွင်း”ခံနေရတဲ့အဖြစ်ပါ။
အမှန်ကို အမှန်အတိုင်းပြောမလား
ပုန်ကန်မှုပဲ
အမှားကို အမှားလို့ ဆိုမလား
ပုန်ကန်မှုပဲ
သင့်ဦးခေါင်းမှာ အဲဒါတွေ တွေးမိသလား
သင်ဟာ သူပုန်ပဲ
သင့်မျက်လုံးနဲ့ ဒီကဗျာကို ဖတ်မိသလား
သင်ဟာ သူပုန်ပဲ
စကားလုံးအပိုင်းအစတစ်ခု
စာရွက်အတိုအစလေးတစ်ရွက်
ဒီလို ဒီလို သင်ချရေးမိသလား
ဒါလဲ ပုန်ကန်မှုပဲ
ဘယ်လို ကျင့်ဝတ်နဲ့မှ ပြေးမလွတ်ဘူး။
ပြည်သူတွေအကြားမှာ
ဘယ်နေရာ ကြည့်ကြည့်
နေရာတိုင်းမှာ သူပုန်ရှိတယ်တဲ့
ငါတို့ဟာ လူငယ်တွေပါ
သူပုန်လို့ သမုတ်ခံရတယ်
ငါတို့ဟာ သွေးအေးသူတွေပါ
လူဆိုးတွေ ဖြစ်ခဲ့တယ်
ငါတို့ဟာ ပြည်သူထဲက ပြည်သူတွေပါ
ငါတို့ သူပုန်အကြည့် ကြည့်ခံရတယ်
ငါတို့က အဲဒါတွေကို မရှာဖွေပါဘဲ
အဲဒါတွေဆီ ငါတို့ကို အတင်းတွန်းပို့လိုက်ကြတယ်
ငါတို့မှာ ရွေးစရာ လမ်းမရှိဘူး
ခေတ်က တွန်းပို့တဲ့ဆီ ငါတို့သွားကြတယ်
ဦးနှောက်နဲ့ နှလုံးသားနဲ့ ခံစားမှုနဲ့
ငါတို့ နာကျင်မှုဟာ ငါတို့ရဲ့ လက်နက်ဖြစ်သလို
ငါတို့ ယုံကြည်မှုဟာ ငါတို့ တရားဖြစ်ခဲ့။
ဟုတ်တယ်
ငါတို့ဟာ သူပုန်တွေပါ
အမှောင်နဲ့ မတည့်တဲ့ရောဂါနဲ့
နေမတတ် ထိုင်မတတ် အလင်းကို ငတ်နေတဲ့
အလင်းသူပုန်တွေပဲဖြစ်တယ်။ ။
နေမွန်းသင်
၀၁.၁၂.၀၇
Thursday, November 22, 2007
အလယ်စည်း
ရော်ဘာပင်တွေကို
ဘ၀ရဲ့ အခါးရည်တစ်ခွက်လို့ ဖွဲ့မယ်။
ဒီအချိန်မှာ
ဘာနဲ့ ခတ်ခတ် မီးထပွင့်မှာပဲ
အဲဒီလို
နှလုံးသားကို နားလည်ပေးလိုက်တယ်။
အတွင်းစည်းထဲ စိတ်ကူးသံ အိုက်စပ်စပ်
ဘတ်စ်ကားတွေလိုပဲ
အဲဒီလို “ကမူး” မရေးခဲ့ဘူး။
တွေးစရာ ရှိရင်
လွတ်လွတ်လပ်လပ် တွေးပစ်လိုက်ဖို့
အရိပ်ကျနေတဲ့ စံပယ်ပင်လေးကို ငိုပြနေရတာနဲ့
အနာက မကျက်တော့ဘူး။
အခြေအနေအရ လက်မထောင်လိုက်ပေမယ့်
ငိုက်စိုက်ကျနေတဲ့ ခေါင်းကို ဘယ်သူမြင်လဲ
ထိလွယ်ကျလွယ် လူတစ်ယောက်ဖြစ်ဖို့
ဒီခေတ်ထဲ လွင့်ကျလာတဲ့ ကံပါ။
ခေတ်ကထိုးနှက်လိုက်တဲ့ ဆေးမှင်ကြောင်တွေပေါ့
သူပုန်စိတ်က တစ်ပြားသားမှ မလျော့သေးဘူး
မေတ္တာတရားကိုလဲ အရိပ်တကြည့်ကြည့်
ကြီးကောင်ဝင်နေတဲ့ စိတ်ကူးက
ဒီလိုပါ…
ဘာနဲ့ ပွင့်ပွင့်
ပန်းစစ်ရင် အရောင်မရွေးဘူး။ ။
နေမွန်းသင်
၂၂.၁၁.၀၇
Tuesday, November 20, 2007
မြစ်ကို အလျားလိုက် ဖြတ်ကူးခြင်း
ဘ၀အကြောင်း လွမ်းရတာလောက်
ဘယ်အရသာမှ ပိုမထိရှဘူး။
ဟိုးအရင်တုန်းက
တစ်ယောက်မျက်ဝန်း တစ်ယောက်ဖတ်ပြီး
တစ်ယောက်အပူ တစ်ယောက်လက်လွှဲယူကြ
တစ်ယောက်ရင်ဘတ် တစ်ယောက်မီးကူးယူကြ
ငါတို့ သူငယ်ချင်းတွေ။
လူစုံရင် ၀ိုင်းဖွဲ့ဆိုတဲ့စကားက
ညလုံးပေါက် ရွာမစဲတဲ့မိုး
တစ်ယောက်အနာဟောင်း တစ်ယောက် ဆွရင်း
တစ်ယောက်အပျော် တစ်ယောက် လုသောက်ရင်း
ဆေးလိပ်တစ်တိုနဲ့ အကုန်အာသာပြေကြ
လက်ဖက်ရည်တစ်ခွက်နဲ့ အကုန်ဝကြ
ပစ်ပစ်နှစ်နှစ် ဆဲဆိုသံကိုလဲ
ပျက်လုံးတစ်ခုလို ပေါ့ပါးခဲ့ကြ
ငါတို့ သူငယ်ချင်းတွေ။
“ပြန်ဆုံရင်
ငါတို့ ကဗျာတွေ စာအုပ်ထုတ်ရအောင်”တဲ့
ထွက်သွားကြတယ်
လေးတွဲတွဲ ရထားအိုကြီးတွေလို တစ်စင်းပြီးတစ်စင်း။
“ပြန်ဆုံရင်
တစ်ယောက်ဖိနပ် တစ်ယောက် လဲစီးရအောင်”တဲ့
ဝေးသွားကြတယ်
တိမ်စတွေကို တစ်ယောက်ပြီးတစ်ယောက်။
“ဘ၀ဆိုတာ ဒီလိုပါပဲကွာ”တဲ့
အဲဒီစကားလုံးတွေပဲ ထပ်ထပ် ညည်းရင်း
ပင်လယ်နက်နက်ထဲ ပြုတ်ကျခဲ့တဲ့ အပိုင်းအစတွေလို
ပရိယေသနအကြားမှာ အသက်ရှူဝရုံလေး
တစ်ယောက်ခေါ်သံ တစ်ယောက် ပြန်မထူးနိုင်ခဲ့တာ
ဒီနေ့ထိပါပဲ...။
နေမွန်းသင်
၂၀.၁၁.၀၇
Friday, November 16, 2007
ဂိလာနတစ်ယောက်ရဲ့ ချင်ခြင်း
လွမ်းတာတောင်
ဖြောင့်ဖြောင့် မလွမ်းတတ်တော့ဘူး
အတွင်းသားမှာ ငုတ်နေတဲ့ ညှောင့်က
လွမ်းစရာကို သွားသွားစူးတယ်။
အိုရွယ်နေတဲ့ အမေ့ကို လွမ်းသလို
ခြောက်သယောင်းနေတဲ့ ငါ့မြေကိုလဲ
ငါလွမ်းမိတာပါပဲ
ကိုယ့်မြေကိုယ့်အိမ်ကို ချစ်တဲ့စိတ်ကလွဲလို့
ငါမြေဟာ သားရဲပေါတယ်ဆိုတာလဲ
သိခဲ့ပါရဲ့
မကောင်းတာက မကောင်းတာပေါ့လေ
ချစ်တာက ချစ်တာပေါ့
ငါ့မြေကို ရောက်အောင်တော့ ပြန်ရမှာပဲ။
မြို့ပြအိမ်ရာတွေလို တန်းမတ်နေတဲ့ အုန်းပင်တန်းနဲ့
ငယ်ငယ်က ရေကူးနေကျ ပင်လယ်ပြာပြာကြီးနဲ့
အိမ်ရှေ့က ဘောလုံးကွင်း စိမ်းစိမ်းကြီးနဲ့
သားတမျှော်မျှော်နဲ့ အမေလဲ ရှိသေးတယ်လေ
ဆော်လမွန်ငါးတွေလို ရောက်ရာအရပ်ကနေ
ငါပြန်ရအုံးမယ်။
ဝရန်တာမှာ
ရေနံဆီမီးခွက်ထွန်းပြီး ငုတ်တုတ်ထိုင်နေတတ်တဲ့ အမေ့ဆီကို
ငါစာမရေးနိုင်သေးဘူး
ဆောင်းတွင်းမှာ
မီးပုံဘေး စားခဲ့တဲ့ ထမင်းကြမ်းနဲ့ ငါးခြောက်ဖုတ်ကို
ငါ မမေ့နိုင်သေးဘူး
လပြည့်ညတိုင်း
ဘုရားဝင်းထဲမှာ ယောင်လည်လည်ညတွေကို
ငါရင်ခုန်လို့ မဆုံးသေးဘူး
ဘယ်လမ်းကပဲ ရောက်ရောက်
ငါပြန်မှ ဖြစ်မှာပါလေ။
တောသားလဲ တောသားအလျောက်
လွမ်းစရာကလဲ ဒီတောနဲ့ ဒီတောင်ရယ်
ဒီအချိန်ဆို အမေ့လယ်မှာ ကောက်သစ်ပေါ်ပြီပေါ့
လရောင်အောက်မှာ ကောက်လှိုင်းထမ်းနေတဲ့ ငါ့အကိုရယ်
ကြွက်သားတွေ ဖုထစ်နေပေမယ့်
ရုပ်ကတော့ တော်တော် အိုစာနေပြီပေါ့
ငါ့လိုပဲ
ညီအငယ်ကောင်လဲ တိုင်းတပါးမှာ
အခုထိ သေသလား ရှင်သလား မသိရသေးဘူး
ငါအိမ်ပြန်မှ ဖြစ်မှာပါလေ
ငါ့မြေကို ငါချစ်သလို
ငါ့မြေကရော ငါ့ကို ချစ်ပါ့အုံးမလား
လူကိုလူလို မကြည့်တဲ့ မျက်လုံးတွေကလဲ ပေါပါဘိနဲ့
မဲမဲမြင်ရာ ယုန်ထင်တဲ့ မုဆိုးတွေကလဲ ပေါပါဘိနဲ့
ငါ့အိမ်ရော အရင်လို လုံမှ လုံခြုံပါ့အုံးမလား
အမေကတော့ မျှော်နေမှာပါလေ
ငါရောက်အောင်တော့ ပြန်ရမှာပဲ။
တန်ဆောင်တိုင်ပွဲကို မမြင်ရတာလဲ ကြာပြီ
ညလုံးပေါက် ဘုရားလှည်းဆွဲရင်း
ကျွေးတာတွေ အကုန်စားတဲ့ ကလေးဘ၀တွေ
ဘယ်လိုလုပ် မေ့လို့ရမလဲ
မလွမ်းတာပဲ ကောင်းပါတယ်လေ
ငါ့အမေကို ငါချစ်သလို
ငါ့မြေကို ငါချစ်နေတာပဲ တော်လှပြီ
လေသင့်တဲ့ တရာသီသီမှာတော့
ငါ့ပင်လယ်ပြာပြာနဲ့ အုန်းပင်တန်းလေးကို
ပြန်တွေ့ကောင်း ပြန်တွေ့နိုင်ပါရဲ့လေ
မျှော်လင့်ခြင်းဟာ အလကားတော့ မဖြစ်နိုင်လောက်ပါဘူး။
အခုတစ်လော
နေ၀င်ရင် အိပ်တန်းပြန်တဲ့ ငှက်တွေပဲ
ငေးငေးနေမိတယ်။ ။
နေမွန်းသင်
၁၆.၁၁.၀၇
Wednesday, November 14, 2007
နာဖျားခြင်း
ရေခဲတုံး တစ်တုံးလို
ကိုယ့်အေးစက်မှုနဲ့ကိုယ် အငွေ့ပျံလို့
နေထိုင်မှုဟာ စပါးကြီးမြွေတစ်ကောင်လို အေးတိအေးစက်
ရုပ်တွေ တစ်ထိုင်းထိုင်း စိတ်တွေ တမှိုင်းမှိုင်း
အတွင်းသားမှာ လောင်တဲ့မီးက လွဲပြီး
ကြိုးတစ်စလို ခွေကျနေပြီလား
ကိုယ့်သံသယနဲ့
ငါ့ကိုယ်ငါ ပြန်ပြန်ရှို့တိုင်း
လောင်တဲ့မီးက မရေမရာ
ငါဟာ ဘယ်လို အမျိုးအစားလဲ
ငါ့သံသယကိုလဲ ငါသံသယဖြစ်လို့
ငါ့ဖြစ်တည်မှုကိုလဲ ငါမကျေမနပ်ဖြစ်လို့
ငါ့စက်ဆုတ်မှုနဲ့ ငါ့ကိုယ်ငါ အေးခဲနေတော့တယ်။
ဆန်းတော့ဆန်းသား
ငါဟာ တစ်ခါတစ်ခါ သူရဲကောင်းဖြစ်ချင်ပြီး
ကျရှုံးမှာကိုလဲ ကြောက်တတ်သေးတယ်
ခုတော့ ငါဟာ ငါမဟုတ်တဲ့အတိုင်း
ငါ့ကိုယ်ငါ သေးသိမ်တဲ့ မျက်လုံးနဲ့ ကြည့်လို့
ငါ့အတွင်းစိတ်ကို ငါကိုယ်တိုင် ရွံရှာလို့
ခက်တာက
ငါ့ကိုယ်ငါလဲ ငါအစွဲက စွဲနေသေးတော့
မိုးကိုဖြိုပြီး မြေကိုလှန်မယ်ဆိုတဲ့ အတွေးနဲ့ပဲ
ငါအောင်းတဲ့တွင်းထဲကနေ အပြင်မထွက်ဝံ့သေးဘူး
ငါဟာ စိတ်ကူးယဉ်ဝါဒီလား
သံသယ၀ါဒီတစ်ယောက်ကော မဖြစ်နိုင်ဘူးလား
ကမ္မ၀ါဒီတစ်ယောက်လဲ ဖြစ်နိုင်သေးတာပဲ
ဘုရားမကြိုက် နတ်မကြိုက်တဲ့ အလုပ်တွေနဲ့ ၀ဲလည်ရင်း
ငါ့လိပ်ပြာနဲ့ငါ ခွက်ပုန်းခုတ်နေရတာ
ငါကိုယ်တိုင်က ငါမဟုတ်တော့တဲ့အတိုင်း။
ကျင့်သားရလာတာနဲ့အမျှ
လူသားဟာ အရေခွံထူလာတတ်သလား
ဒါမှမဟုတ် ငါတစ်ယောက်ထဲကပဲ
ဆိုးဆိုးဝါးဝါး နာဖျားနေတာများလား
ငါ့နာဖျားခြင်းက ငါ့ကို တမြေ့မြေ့ ကိုက်ခဲလို့
ငါဟာ လူသားဆိုတာတော့ ဟုတ်ပါရဲ့
ငါဟာ လူသားစစ်စစ် ဖြစ်ရဲ့လားဆိုတဲ့ အမေးကျတော့
ငါ့မှာ အဖြေမရှိပြန်ဘူး
တကယ်တော့
အဲဒီမေးခွန်းကို ကြောက်လို့
ငါမဖြေတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့
သံသရာဆိုတာ
မဖြေနိုင်တဲ့ မေးခွန်းတစ်ခုရဲ့ အစလို့
အဲဒီလိုလဲ ဘုရားဟောထားခဲ့တာပဲလေ
ငါ့အမေးကို ငါမဖြေနိုင်တာများ
ပြစ်တင်ရက်စရာ မရှိပါဘူး။
အခုချိန်အထိတော့
ငါ့နာဖျားခြင်းက ငါ့ကိုတစစ်စစ် ကိုက်ဝါးနေတုန်းပဲ။ ။
နေမွန်းသင်
၁၄.၁၁.၀၇
Sunday, November 11, 2007
ငါမမူးသေးဘူး
ငါ့အရေခွံကို လာမချွတ်နဲ့
ဟောဒီခေတ်ပျက်ကြီးထဲလူတွေ
ရွှဲရွှဲစိုအောင်နစ်မွန်းနေတာ
ငါမြင်နိုင်သေးတယ်
ငါမမူးသေးဘူး။
တစ္ဆေလိုလို သရဲလိုလို
ငါ့အာရုံကို လာမနှောက်နဲ့
ငါ့သွေးကြောတွေ တဆတ်ဆတ်ခုန်နေတာ
ခါးသီးမှုနဲ့ မျက်လုံးတွေ တ၀င်းဝင်းတောက်နေကြတာ
ငါသိသေးတယ်
ငါမမူးသေးဘူး။
ငါ့ဧရာဝတီရေ
မင့်မျက်ရေ တသွင်သွင်စီးနေတာကို
မင့်အလှဂုဏ်ကလေး သိမ်ငယ်နေရတာကို
ငါမြင်နေရတုန်းပါ
ငါမမူးသေးဘူး။
ချစ်လှစွာသော ဘ၀တူတွေရေ
မင်းအပြန်ကို ညောင်ညိုရိပ်က စောင့်နေတုန်းပါ
မင်းဝင်သွားတဲ့ နံရံအမြင့်ကြီးလဲ နီမြဲနီနေတုန်းပါ
ဗလောင်ဆူနေတဲ့ မိသားစုရင်ဘတ်တွေကိုလဲ
ငါကြားမြဲကြားနေရတုန်းပါ
ငါမမူးသေးဘူး။
ဘ၀ဆိုတာ
တိုက်ပွဲဝင်ရင်း ချိုမြိန်နေတဲ့ အရသာတမျိုးလို့
အဲဒီလိုလဲ ငါအဓိပ္ပါယ်ဖွင့်ဆိုနိုင်သေးရဲ့
ဘယ်တော့မှ
ဘယ်တော့ - - - ဘယ်တော့ - - - မှ
ဟောဒီမြို့ကြီး မိုးမလင်းသေးသရွေ့
ငါ မူးကို မမူးသေးဘူး ။ ။
နေမွန်းသင်
၁၁.၁၁.၀၇
ထီးဆိုင်ရဲ့သီချင်းကိုခံစားမိရာမှ
ပေါက်ဖွားလာတဲ့ စကားလုံးအပိုင်းအစတွေပါ။
Friday, November 9, 2007
တကိုယ်ရေ
အိပ်လို့ မရဘူး
မျက်လုံးကို ဇွတ်မှိတ်ကြည့်တော့
အလွမ်းတွေပဲ ရင်ထဲ ကျလာတယ်
်
အခန်းမီးကို ပြန်ဖွင့်တော့လည်း
အထီးကျန်မှုက သူစိမ်းလိုလို မိတ်ဆွေလိုလို
မထူးပါဘူး
ငုတ်တုတ်ထထိုင်နေတာပဲ ကောင်းပါတယ်
အရှေ့ ကနံရံကို အငေးမှာ
အိမ်မြောင်လည်း ငါ့လို တကောင်တည်း
အိပ်လို့ မရဘူး
နေမွန်းသင်
၀၉.၁၁.၀၇
