Friday, April 11, 2008

ဖုန်း

တံခါးကို ပိတ်ထားပေမယ့်
နားကို ပိတ်မထားတတ်တော့ ခက်တယ်
တကိုယ်ရေ မွန်းကျပ်လှောင်ပိတ်လာတဲ့အခါများ
နားတစ်စုံကို မွတ်မွတ်သိပ်သိပ် နမ်းပစ်လိုက်ရမှ
စကားလုံးတွေ ရေငတ်ပြေတဲ့ရောဂါ။

အိတ်ကပ်ထဲဝင်ပြီး
တကျစ်ကျစ် ကိုက်ခဲနေတဲ့အသံကိုတောင်
မုန်းလို့ နာလို့ မရဘူး
ခေတ်ရေစီးကိုက ရပ်လိုက်တာနဲ့ လဲပြိုသွားနိုင်တဲ့အရှိန်။

သိမ်ငယ်မှုတွေကို ပထုတ်ပစ်ဖို့ပဲဖြစ်ဖြစ်
လူရှေ့သူရှေ့ ထုတ်ကြွားဖို့ပဲဖြစ်ဖြစ်
စက္ကန့်လိုက် ရွေ့နေတဲ့ အံ့မခန်းမှုတွေကို ထောက်လှန်းဖို့ပဲဖြစ်ဖြစ်
ဒီနေ့ခေတ်မှာတော့ တကယ့်အရေးပါတဲ့အရာ။

ကူးလူးဆက်ဆံမှုဆိုတာ
ဂဏန်းလေး ဆယ်လုံးကျက်မှတ်ထားရုံနဲ့
ကမ္ဘာကြီးတပတ် လမ်းသလားလို့ ရနိုင်တဲ့အဖြစ်
ဒါ…ဒီနေ့ခေတ်ရဲ့ မိလ္လာကျုံးသမားတွေတောင် ရနေကြတဲ့ အခွင့်အရေး။

ခင်ဗျားရော
နေ၀င်တာကို နောက်ကနေ လိုက်ကြည့်နေရတဲ့ ရောဂါကို ခံစားခဲ့ဖူးလား
ဒိုင်နိုဆောတွေ မျိုးပြုန်းတဲ့ခေတ်မှာ
ကျနော့် မေမေနေတယ်
ဝေးကတည်းက
စကားမပြောရတာ ရက်ပေါင်းနှစ်ရာ့တစ်ဆယ်။

နေမွန်းသင်
၁၁.၀၄.၀၈

1 comment:

Kaung Kin Ko said...

တကိုယ်ရေ မွန်းကျပ်လှောင်ပိတ်လာတဲ့အခါများ
နားတစ်စုံကို မွတ်မွတ်သိပ်သိပ် နမ်းပစ်လိုက်ရမှ
စကားလုံးတွေ ရေငတ်ပြေတဲ့ရောဂါ။

ဟုတ်တယ်ဗှို့ ။ ပျော်ရွှင်စရာ နှစ်သစ် ဖြစ်ပါစေ။း-)