Sunday, April 27, 2008

သက္ကရာဇ်အချိုးအကွေ့နှင့် ရထား

အချိုးအကွေ့မှာ
အရောင်တလဲ့လဲ့ တောက်နေတဲ့ မေတ္တာတရားကို တွေ့တယ်။

အမှောင်နဲ့ ထုဆစ်ထားတဲ့ လမ်းမပေါ်
အစိမ်းတစိုစို သွေးစက်တွေ မခြောက်သေးဘူး
အချိုးအကွေ့မှာ
အော်သံတွေနဲ့ ယက်ဖွဲ့ထားတဲ့ နာရီတစ်လုံးတွေ့တယ်။

သမိုင်းဟာ ရထားတစ်စင်းလို
အကောင်းနဲ့ အဆိုးကို သယ်ယူရစမြဲ
ဘူတာတွေ တစ်ခုပြီးတစ်ခုပေါ့။

အရှေ့မှာ
အရှိန်နဲ့ တောက်နေတဲ့ သံလမ်းကို တွေ့လား
သွေးချွေးနဲ့ ရင်းရတဲ့ အလုပ်ဆိုတာ
သစ်ပင်လေးတစ်ပင် စိုက်သလို မလွယ်ကူပေဘူး
အခုမပွင့်လည်း ရေလောင်းရင်း ပေါင်းသင်ရင်း
ရာသီကို စောင့်အုံးပေါ့
သက္ကရာဇ်တစ်ခုကို သွေးကြွေးအဖြစ် ချန်ထားဖို့
ဟန်ချက်ညီညီ
လည်နေတဲ့ ဘီးကို အရှိန်မလျော့လိုက်နဲ့။

နေမွန်းသင်
၂၇.၀၄.၀၈

No comments: