Friday, March 28, 2008

ကဗျာဆရာ တောမှောက်ခြင်း

ဖြစ်နိုင်ရင်
သေနတ် ပစ်သလို တဒိုင်းဒိုင်း
ကဗျာကို ပစ်ထုတ်လိုက်ချင်ရဲ့

ရေးစရာက သောင်းခြောက်ထောင်
စိတ်နဲ့ငြိတဲ့ စကားလုံးက လက်တဆစ်
အဘိဓမ္မာက ခပ်ပါးပါး
နေ့ကို ညကို ခေါင်းပန်းလှန်ရင်း
မပြိုတဲ့ မိုးနဲ့ ဆက်ပြီးရွာ

စိတ္တဇပဲ
အဓိပ္ပါယ်ငတ်နေတဲ့ စကားလုံးတွေပဲ
တနေ့နေ့
ဒရောသောပါး လှိမ့်ဆင်းလာတဲ့ တောင်ကျရေမှာ
သားကောင်ကို ပစ်ဖမ်းဖို့ အာရုံတချိန်ချိန်နဲ့

ဘာကို ရေးချလိုက်ရမှာလဲ
ငါရေးသမျှ ကဗျာဖြစ်ခဲ့ရင်
ငါရေးသမျှ ကဗျာမဟုတ်တော့ဘူး
ဆိုပြီး…
ဒဏ်ရာဗရပွဖွက်ထားတဲ့ မုဆိုး
အိမ်ပြန်ခဲ့ပြီ။

နေမွန်းသင်
၂၈.၀၃.၀၈

1 comment:

မိုးသား said...

ငါရေးသမျှ ကဗျာဖြစ်ခဲ့ရင်...
ငါရေးသမျှ ကဗျာမဟုတ်တော့ဘူး ..ဆိုတာကို သိပ်ကြိုက်တယ်ဗျာ..
ကျွန်တော်ရေးသမျှလေးတွေ လာဖတ်ပေးစေချင်တယ်..
နောက်ကို ခဏခဏလာမယ်...
အခုကိုကောင်းဆီက လာတာပါ...