Wednesday, November 14, 2007

နာဖျားခြင်း

ရေခဲတုံး တစ်တုံးလို

ကိုယ့်အေးစက်မှုနဲ့ကိုယ် အငွေ့ပျံလို့

နေထိုင်မှုဟာ စပါးကြီးမြွေတစ်ကောင်လို အေးတိအေးစက်

ရုပ်တွေ တစ်ထိုင်းထိုင်း စိတ်တွေ တမှိုင်းမှိုင်း

အတွင်းသားမှာ လောင်တဲ့မီးက လွဲပြီး

ကြိုးတစ်စလို ခွေကျနေပြီလား

ကိုယ့်သံသယနဲ့

ငါ့ကိုယ်ငါ ပြန်ပြန်ရှို့တိုင်း

လောင်တဲ့မီးက မရေမရာ

ငါဟာ ဘယ်လို အမျိုးအစားလဲ

ငါ့သံသယကိုလဲ ငါသံသယဖြစ်လို့

ငါ့ဖြစ်တည်မှုကိုလဲ ငါမကျေမနပ်ဖြစ်လို့

ငါ့စက်ဆုတ်မှုနဲ့ ငါ့ကိုယ်ငါ အေးခဲနေတော့တယ်။


ဆန်းတော့ဆန်းသား

ငါဟာ တစ်ခါတစ်ခါ သူရဲကောင်းဖြစ်ချင်ပြီး

ကျရှုံးမှာကိုလဲ ကြောက်တတ်သေးတယ်

ခုတော့ ငါဟာ ငါမဟုတ်တဲ့အတိုင်း

ငါ့ကိုယ်ငါ သေးသိမ်တဲ့ မျက်လုံးနဲ့ ကြည့်လို့

ငါ့အတွင်းစိတ်ကို ငါကိုယ်တိုင် ရွံရှာလို့

ခက်တာက

ငါ့ကိုယ်ငါလဲ ငါအစွဲက စွဲနေသေးတော့

မိုးကိုဖြိုပြီး မြေကိုလှန်မယ်ဆိုတဲ့ အတွေးနဲ့ပဲ

ငါအောင်းတဲ့တွင်းထဲကနေ အပြင်မထွက်ဝံ့သေးဘူး

ငါဟာ စိတ်ကူးယဉ်ဝါဒီလား

သံသယ၀ါဒီတစ်ယောက်ကော မဖြစ်နိုင်ဘူးလား

ကမ္မ၀ါဒီတစ်ယောက်လဲ ဖြစ်နိုင်သေးတာပဲ

ဘုရားမကြိုက် နတ်မကြိုက်တဲ့ အလုပ်တွေနဲ့ ၀ဲလည်ရင်း

ငါ့လိပ်ပြာနဲ့ငါ ခွက်ပုန်းခုတ်နေရတာ

ငါကိုယ်တိုင်က ငါမဟုတ်တော့တဲ့အတိုင်း။


ကျင့်သားရလာတာနဲ့အမျှ

လူသားဟာ အရေခွံထူလာတတ်သလား

ဒါမှမဟုတ် ငါတစ်ယောက်ထဲကပဲ

ဆိုးဆိုးဝါးဝါး နာဖျားနေတာများလား

ငါ့နာဖျားခြင်းက ငါ့ကို တမြေ့မြေ့ ကိုက်ခဲလို့

ငါဟာ လူသားဆိုတာတော့ ဟုတ်ပါရဲ့

ငါဟာ လူသားစစ်စစ် ဖြစ်ရဲ့လားဆိုတဲ့ အမေးကျတော့

ငါ့မှာ အဖြေမရှိပြန်ဘူး

တကယ်တော့

အဲဒီမေးခွန်းကို ကြောက်လို့

ငါမဖြေတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့

သံသရာဆိုတာ

မဖြေနိုင်တဲ့ မေးခွန်းတစ်ခုရဲ့ အစလို့

အဲဒီလိုလဲ ဘုရားဟောထားခဲ့တာပဲလေ

ငါ့အမေးကို ငါမဖြေနိုင်တာများ

ပြစ်တင်ရက်စရာ မရှိပါဘူး။


အခုချိန်အထိတော့

ငါ့နာဖျားခြင်းက ငါ့ကိုတစစ်စစ် ကိုက်ဝါးနေတုန်းပဲ။ ။

နေမွန်းသင်

၁၄.၁၁.၀၇

2 comments:

Kaung Kin Ko said...

"ရေခဲတုံး တစ်တုံးလို
ကိုယ့်အေးစက်မှုနဲ့ကိုယ် အငွေ့ပျံလို့"
အငွေ့ ပျံပြီးပျောက်ဆုံးသွားမှာ ကြောက်မိတယ်ဗျာ။

Kaung Kin Ko said...

"အတွင်းသားမှာ လောင်တဲ့မီးက လွဲပြီး
ကြိုးတစ်စလို ခွေကျနေပြီလား"

"ကိုယ့်သံသယနဲ့
ငါ့ကိုယ်ငါ ပြန်ပြန်ရှို့တိုင်း"

"ငါ့လိပ်ပြာနဲ့ငါ ခွက်ပုန်းခုတ်နေရတာ
ငါကိုယ်တိုင်က ငါမဟုတ်တော့တဲ့အတိုင်း။" စကားလုံးတွေ အရမ်းကြိုက်တယ်ဗျာ။