ဒဏ်ရာကို
ဒဏ်ရာလို နာကျင်ခွင့် မရတဲ့
အဲဒီအရပ်ကို
“နာဂစ်” ၀င်ရောက်လာတယ်။
သွေး ချွေး မျက်ရည်
အမိုးမဲ့ အကာမဲ့ အိမ်
ခိုကိုးရာမဲ့ လေပြင်းမှာ ရေအဆင်းမှာ
ဖိတ်စင် လေလွင့် ကြေမွ
အပိုင်းပိုင်းပြတ်သစ်ပင်လို
ဘ၀တွေ။
မျက်ရည်နဲ့ မလုံလောက်တော့ဘူး
သံဝေဂနဲ့ ၀န်မမျှတော့ဘူး
သောက ပရိဒေ၀ ဥပယာသ
ငိုသံတွေဟာ ပွဲတော်ကြီးတခုလို
လေသံ မိုးသံ ပြိုလဲသံတွေနောက်
သန်းပေါင်းများစွာ
မီးတောက်တွေလို ဘ၀တွေဟာ အဆူ။
“နာဂစ်”ဟာ
ငါတို့ ကျောကို တေ့ထားတဲ့ စနစ်တစ်ခုလို
ရိုင်းရိုင်းစိုင်းစိုင်း
မရှိမဲ့ရှိမဲ့ အ၀တ်အစားကို ချွတ်ယူသွားတယ်
မ၀တ၀ ဆန်အိုးကို ရိုက်ခွဲသွားတယ်
နူရာဝဲစွဲ လဲရာသူခိုးထောင်း
ဘ၀နင်းပြားတွေရဲ့ ပြားချပ်ချပ်ရင်ကို
မိုးရေမှာ ပေါလောမျောစေဖို့
နာဂစ် ၀င်လာတယ်။
နာဂစ်ဟာ
ခါးမှာ ချိတ်ထားတဲ့ သတ္တုအပိုင်းအစ တစ်ခုလို
အကြင်နာတရား မရှိတတ်ဘူး
ငတ်ပြတ် စုတ်ပဲ့နေတဲ့ ဘ၀အသေတွေအပေါ်
စာနာနားလည်ဖို့ အသိဉာဏ်မရှိဘူး
နာဂစ်ဟာ
ငိုစရာ ခိုကိုးရာမဲ့နဲ့ မလုံခြုံမှုတွေကို
အရိုးတွေနဲ့ အတင်းအဓမ္မဖုံးဖိဖို့
နာကျင်စရာကို
နာကျင်စရာလို့ ထုတ်ပြောခွင့်မရတဲ့
အဲဒီအရပ်ဆီ
နာဂစ် ၀င်လာတယ်။
(မုန်တိုင်းဒဏ်ခံရတဲ့ မိသားစုတစ်ခုလို ၀မ်းနည်းမှုနဲ့ နာကျင်မှုကို ကျနော် ပြိုင်တူခံစားနေရပါတယ်)
နေမွန်းသင်
၀၇.၀၅.၀၈
Wednesday, May 7, 2008
နာဂစ်
Sunday, April 27, 2008
သက္ကရာဇ်အချိုးအကွေ့နှင့် ရထား
အချိုးအကွေ့မှာ
အရောင်တလဲ့လဲ့ တောက်နေတဲ့ မေတ္တာတရားကို တွေ့တယ်။
အမှောင်နဲ့ ထုဆစ်ထားတဲ့ လမ်းမပေါ်
အစိမ်းတစိုစို သွေးစက်တွေ မခြောက်သေးဘူး
အချိုးအကွေ့မှာ
အော်သံတွေနဲ့ ယက်ဖွဲ့ထားတဲ့ နာရီတစ်လုံးတွေ့တယ်။
သမိုင်းဟာ ရထားတစ်စင်းလို
အကောင်းနဲ့ အဆိုးကို သယ်ယူရစမြဲ
ဘူတာတွေ တစ်ခုပြီးတစ်ခုပေါ့။
အရှေ့မှာ
အရှိန်နဲ့ တောက်နေတဲ့ သံလမ်းကို တွေ့လား
သွေးချွေးနဲ့ ရင်းရတဲ့ အလုပ်ဆိုတာ
သစ်ပင်လေးတစ်ပင် စိုက်သလို မလွယ်ကူပေဘူး
အခုမပွင့်လည်း ရေလောင်းရင်း ပေါင်းသင်ရင်း
ရာသီကို စောင့်အုံးပေါ့
သက္ကရာဇ်တစ်ခုကို သွေးကြွေးအဖြစ် ချန်ထားဖို့
ဟန်ချက်ညီညီ
လည်နေတဲ့ ဘီးကို အရှိန်မလျော့လိုက်နဲ့။
နေမွန်းသင်
၂၇.၀၄.၀၈
Sunday, April 20, 2008
တစ္ဆေ
အမှောင်နဲ့ အသားတကျ
သူ့ကိုယ်သူ မမြင်နိုင်တော့တဲ့ ယစ်မူးမှုနဲ့
နှစ်နှစ်ဆယ်လုံးလုံး ကပ်ငြိဂျိုးထ
တဂျစ်ဂျစ် မြည်နေတဲ့ အာခေါင်ခြစ်သံနဲ့
ဟောင်းလောင်းပွင့်နေတဲ့ အစာအိမ်တွေကို
အသားစိမ်းတုံး တစ်တုံးလို အရသာခံ ကျွတ်ကျွတ်ကိုက်ဝါးနေပုံ
“ဘယ်လက်ဖြင့် သွေးခွက်ကို ကိုင်၍
ညာလက်ဖြင့် မျက်ရည်ကို ညှစ်ယူသောက်မြိုအံ့”
ဒီနေ့ခေတ်ရဲ့ အကုသိုလ်အမွှေးအမျှင်အထူဆုံးသတ္တ၀ါ
နေ၀င်ဖြိုးဖျ မှောင်ကျကျ အရိပ်မှာ
မသေမရှင် တံစို့ထိုးကင်ထားတဲ့ “မြေပုံ”ပေါ်
မိန့်မိန့်ကြီးထိုင်နေတယ်
တစ္ဆေ။ ။
နေမွန်းသင်
၂၀.၀၄.၀၈
Wednesday, April 16, 2008
တစ်ယောက်တည်းကျတဲ့ သင်္ကြန်
စိတ်ချဉ်ပေါက်ပေါက်နဲ့
အခန်းရှေ့ လာရပ်တဲ့ သင်္ကြန်ကို
ခွက်စောင်းနဲ့ ခုတ်မိတော့မယ်
ပူလွယ်ကျွမ်းလွယ် ခပ်ဆွေးဆွေး နေရာတခုဆီမှာ။
တူးပို့ တူးပို့ ကြားရုံနဲ့
စိတ်တလှပ်လှပ် မြူးလို့ ကြွလို့
ဘယ်အချိန်ကတည်းက အောင်းဝင်နေတဲ့ အညှို့ဓာတ်လဲ
ရေစက်ရေပေါက်တွေ ဆာတယ်။
ပျင်းခြောက်ခြောက်
ဆေးလိပ်ပဲ နင်းကန်ဖွာ
မုန့်လုံးရေပေါ်လဲ မစားရဘူး
ရေစိုအပျိုတွေလည်း မငေးရဘူး
ပိတောက်ပွင့်တွေ ဆာတယ်။
တစ်ယောက်တည်း
သင်္ကြန်ကို တိုးတိုးတိတ်တိတ်
လှောင်ကန်ထဲက ငါးတွေရဲ့ ဖြေဆေးတစ်ခွက်
ငတ်ပြတ်နေတဲ့ အပျော်တွေရဲ့ ထွက်ပေါက်တစ်ပေါက်
ယဉ်ကျေးမှုမျက်ရည်တွေရဲ့ ကပွဲတစ်ပွဲ
ငါ…အသက် တစ်နှစ် ကြီးပြီလား
တကယ် မရလိုက်တဲ့ အနှစ် တနှစ်ကိုပဲ ဆာတယ်…။
နေမွန်းသင်
၁၆.၀၄.၀၈
Friday, April 11, 2008
ဖုန်း
တံခါးကို ပိတ်ထားပေမယ့်
နားကို ပိတ်မထားတတ်တော့ ခက်တယ်
တကိုယ်ရေ မွန်းကျပ်လှောင်ပိတ်လာတဲ့အခါများ
နားတစ်စုံကို မွတ်မွတ်သိပ်သိပ် နမ်းပစ်လိုက်ရမှ
စကားလုံးတွေ ရေငတ်ပြေတဲ့ရောဂါ။
အိတ်ကပ်ထဲဝင်ပြီး
တကျစ်ကျစ် ကိုက်ခဲနေတဲ့အသံကိုတောင်
မုန်းလို့ နာလို့ မရဘူး
ခေတ်ရေစီးကိုက ရပ်လိုက်တာနဲ့ လဲပြိုသွားနိုင်တဲ့အရှိန်။
သိမ်ငယ်မှုတွေကို ပထုတ်ပစ်ဖို့ပဲဖြစ်ဖြစ်
လူရှေ့သူရှေ့ ထုတ်ကြွားဖို့ပဲဖြစ်ဖြစ်
စက္ကန့်လိုက် ရွေ့နေတဲ့ အံ့မခန်းမှုတွေကို ထောက်လှန်းဖို့ပဲဖြစ်ဖြစ်
ဒီနေ့ခေတ်မှာတော့ တကယ့်အရေးပါတဲ့အရာ။
ကူးလူးဆက်ဆံမှုဆိုတာ
ဂဏန်းလေး ဆယ်လုံးကျက်မှတ်ထားရုံနဲ့
ကမ္ဘာကြီးတပတ် လမ်းသလားလို့ ရနိုင်တဲ့အဖြစ်
ဒါ…ဒီနေ့ခေတ်ရဲ့ မိလ္လာကျုံးသမားတွေတောင် ရနေကြတဲ့ အခွင့်အရေး။
ခင်ဗျားရော
နေ၀င်တာကို နောက်ကနေ လိုက်ကြည့်နေရတဲ့ ရောဂါကို ခံစားခဲ့ဖူးလား
ဒိုင်နိုဆောတွေ မျိုးပြုန်းတဲ့ခေတ်မှာ
ကျနော့် မေမေနေတယ်
ဝေးကတည်းက
စကားမပြောရတာ ရက်ပေါင်းနှစ်ရာ့တစ်ဆယ်။
နေမွန်းသင်
၁၁.၀၄.၀၈
Friday, March 28, 2008
ကဗျာဆရာ တောမှောက်ခြင်း
ဖြစ်နိုင်ရင်
သေနတ် ပစ်သလို တဒိုင်းဒိုင်း
ကဗျာကို ပစ်ထုတ်လိုက်ချင်ရဲ့
ရေးစရာက သောင်းခြောက်ထောင်
စိတ်နဲ့ငြိတဲ့ စကားလုံးက လက်တဆစ်
အဘိဓမ္မာက ခပ်ပါးပါး
နေ့ကို ညကို ခေါင်းပန်းလှန်ရင်း
မပြိုတဲ့ မိုးနဲ့ ဆက်ပြီးရွာ
စိတ္တဇပဲ
အဓိပ္ပါယ်ငတ်နေတဲ့ စကားလုံးတွေပဲ
တနေ့နေ့
ဒရောသောပါး လှိမ့်ဆင်းလာတဲ့ တောင်ကျရေမှာ
သားကောင်ကို ပစ်ဖမ်းဖို့ အာရုံတချိန်ချိန်နဲ့
ဘာကို ရေးချလိုက်ရမှာလဲ
ငါရေးသမျှ ကဗျာဖြစ်ခဲ့ရင်
ငါရေးသမျှ ကဗျာမဟုတ်တော့ဘူး
ဆိုပြီး…
ဒဏ်ရာဗရပွဖွက်ထားတဲ့ မုဆိုး
အိမ်ပြန်ခဲ့ပြီ။
နေမွန်းသင်
၂၈.၀၃.၀၈
Friday, March 21, 2008
တေလေတစ်ကောင်ရဲ့ ပစ္စလက္ခတ်နွေ
ခြောက်နှစ်လုံးလုံး
ငါမျှော်တလင့်လင့် ကြည့်ခဲ့ရတဲ့ ကြယ်ကလေး
ဖန်ကွဲစတွေရဲ့ ချွင်ကနဲ ကျကွဲသံနဲ့အတူ
မတ်လရဲ့ မပြည့်တပြည့်လရောင်အောက်မှာ
ညင်ညင်သာသာ တပ်ဆုတ်သွားပုံက
ငါ့ဘ၀တစ်ခုလုံးထက် လှတယ်။
“ခွင့်လွှတ်ပေးပါ”ဆိုတဲ့ စကားလုံးလေးတစ်လုံး
ပေါ့ပေါ့ပါးပါး ပစ်ချလိုက်တဲ့ အသံ
ငါ့ရင်မှာ ပဲ့တင်ထပ်လို့ မဆုံးတော့ဘူး။
အချစ်က
ဘ၀ကို မဖြစ်စလောက်လေးပဲ နမ်းရှိုက်တယ်
အစွဲအလမ်းကို တက်မက်သူတို့ရဲ့ အစဉ်အလာအတိုင်း
ငိုသံကို အပြင်မထွက်အောင် ကျိတ်မျိုခဲ့ရ
အရှုံးအမြတ်ကို မတွက်ချက်တတ်ပေမယ့်
နှလုံးသားခမျာ နလံထဖို့ အချိန်အတော် ယူရအုံးမယ်။
အဆုံးသတ်မှာ
မင်းလဲ မမှားသလို
ငါလဲ လွမ်းလို့ လွမ်းဆဲပါပဲ။
အချစ်ကို ငတ်မွတ်ပြီး
ငွေကြေးကို မသိမ်းသွင်းတတ်တဲ့သူဟာ
ကန်းနေတဲ့ တေလေပေါ့။
အမှတ်တမဲ့ဖြင့် ထွက်ခွါသွားခဲ့ပါ
ကြေကြေကွဲကွဲ ငါကျန်ခဲ့ပါရစေ။
အလွမ်းမှာ ထုထည်ရှိပြီးသား လူက
ဝေးကွာခြင်းကို ဘာလို့ လက်မခံရဲရမှာလဲ
နေ့နေ့ညည ဆေးလိပ်တစ်လိပ်လို လောင်ကျွမ်းအချစ်ကို
ဖွာရှိုက်နေပါရစေ။
ပင့်သက်တစ်ချက် ရှိုက်တိုင်း
ရင်မှာ မြှားတစ်ချက် စူးပါစေ
ဝေဒနာဟာ အဖော်ဆိုရင်
ဒီကောင့် ရှင်သန်မှုဟာ အမှောင်ည တစ်ညပေါ့။
ပျံသန်းသွားပါ
ရွှေရောင်တလဲ့လဲ့ အနာဂတ်တစ်ခုဆီ
ရဲရဲတောက် ပျံသန်းသွားခဲ့ပါ
နင့်တောင်ပံတစ်စုံနဲ့ မလုံလောက်ခဲ့ရင်
ငါ့ခွင့်လွှတ်ခြင်းကိုလဲ နှုတ်ယူသွားပါအုံး
မနာကျင် မခံစားတတ်တဲ့ ရင်ခွင်တစ်ခုပဲ
ရော်ရွက်တစ်ရွက်လို ငါ့ဆီ ချွေချထားခဲ့ပါ။
ပြီးဆုံးသွားပြီ
ပြီးဆုံးသွားပြီလို့
ခြောက်လှန့်တတ်တဲ့ တစ္ဆေတစ်ကောင်နဲ့ ငါ
နေ၀င်ရီတရောမှာ တဖက်ကမ်းခတ်
အလွမ်းနဲ့ မှော်အောင်ပါရစေ။
ချစ်သော မိမိလွင်ရေ
ငါ့ညီမလေးရေ
အလွမ်းက မအိပ်စက်တတ်ဘူးကွဲ့။
ချိုမြိန်သော လမ်းမှာ
ဆာလောင်နေသော အနမ်းကို ရှာတွေ့နိုင်ပါစေ။
ဘ၀က ခါးတယ်ကွဲ့
ထမင်းလုတ်က အချစ်ကို အနုကြမ်းစီးနိုင်တယ်ကွဲ့
သိမ်ငယ်မှုနဲ့ စီးနေတဲ့ မြစ်ကို
ဘ၀ရဲ့ တေးတစ်ပုဒ် အဖြစ်
ငါငေးလိုက်ပါတယ်။
ဒီဘ၀ထဲ
မဆုံတဲ့ အချစ်နဲ့ အဖန်တရာ
လွဲရပါလို၏ အရှင်ဘုရား။
အသေးအမွှား ပွင့်ခဲ့တဲ့ နေ့ရက်လေးကအစ
တယုတယ ကိုင်တွယ်ခဲ့တဲ့ လက်ဖ၀ါးနုကလေးအဆုံး
အားလုံးကို မိုးအဖြစ် ရွာသွန်းလိုက်ပါရဲ့
ငါ့ပါးပြင်ထက်မှာ။
ချစ်သော မိမိလွင်ရေ
ဘ၀ကူးမကောင်းတဲ့ ချစ်ခြင်းကို
ဒီမှာပဲ ရှိုက်ရှိုက်နင့်နင့် ငိုလိုက်ကြအုံးစို့
ကမ္ဘာမြေဟာ
ငါတို့ မျက်ရည်တွေကိုတော့ ကြည်ဖြူပါလိမ့်မယ်။
ပြီးဆုံးသွားပြီလို့
ငါ့ကိုယ်ငါ ပြောတောင် မယုံတော့ဘူး
အချစ်ဆိုတာ ဓားထက်ထက်တစ်ချောင်းပဲလားကွယ်။
အို…တိုက်ခတ်လာသော လေပြေ
အလွမ်းဖြင့် မွှေးမြသော အရပ်ဆီ
ငါ့အား သယ်ဆောင်ခဲ့ပါလေ
အချစ်ကြောင့် ကွဲရှနေသော နှလုံးသားဖြင့်
သင့်အား ပူဇော်ပါအံ့။
အို…လှိုင်းဖြင့် ယစ်မူးနေသော ပင်လယ်
သင့်ရဲ့ အဆုံးအစ မထင်သော သိမ်းပိုက်မှု၌
ငါ့ ဂူသချိ င်္ုင်းကို မြုတ်နှံခွင့်ပြုပါ
သွေးသားဖြင့် အတိပြီးသော ပင့်သက်တို့ဖြင့်
သင့် လျှို့ဝှက်နက်နဲမှုကို ပို၍ နက်မှောင်စေအံ့။
ဤတေလေသည်
ပစ္စက္ခတ်ဘုံမှ မလွတ်မြောက်နိုင်သော သားကောင် ဖြစ်ပါ၏
ထွက်ပေါက်တို့ဖြင့် ကြည်လင်နေသော စမ်းချောင်းလေးနဘေး
အပူခိုးတို့ဖြင့် ဖုံးသော စိတ်အား ဆေးကြောခွင့် ပြုပါ။
အလွမ်း၏ တွန်သံဖြင့်
အဖော်မဲ့ ဥသြငှက်တို့အား တေးသီခွင့်ပြုပါ
နွေ၏ ပူလောင်ခြင်းသည်
ငါ့ နှလုံးသား၏ အရှိန်ကြောင့် တွန့်လိမ်နေဘိ၏။
ချစ်ခဲ့ရပါသော
ငါ့ မိမိလွင်ရေ
တကိုယ်ကောင်းဆန်ဆန် အလွမ်းတွေနဲ့
ငါ့ချစ်ခြင်းကို အဆိပ်ခတ်လိုက်ပါပြီ
ကာလရှည်လျားသော တနေ့နေ့
နားလည်မှုနဲ့ ဖုံးပိတ်ထားတဲ့ ငါ့အုတ်ဂူကို ဖွင့်ပါ
ခွင့်လွှတ်ခြင်းနဲ့ ပြာလဲ့နေတဲ့ ပန်းတပွင့်
နင့်ဆံမြိတ်မှာ ပန်ဖို့ ငါ့အလွမ်းတွေ ပျိုးထားခဲ့တယ်။
ယနေ့မှ စ၍
အမှောင်ဖြင့်အတိပြီးသော နွေလည်ခေါင်၌
ငါ့အာ့ ဆက်ပြီး မှောင်ခွင့်ပြုပါတော့။
နေမွန်းသင်
၂၁.၀၃.၀၈