မျက်ရည်ပေါက်ပေါက်ကျနေတဲ့ မြို့ကို
ဘယ်လိုစိတ်နဲ့ ရယ်ခြင်းဖွဲ့မလဲ
နှလုံးသားရှိသူတိုင်
ခံစားရသမျှ နာကျင်ဖူးလိမ့်မယ်။
ဗဟုယဉ်ကျေးမှုကို တွေးမိတိုင်း
အိပ်ရေးမ၀တဲ့ ဘ၀တွေ ဘယ်လောက်များမလဲ
ဒီမှာ
လူဟာ လူလို အသက်ရှင်ဖို့
လူဟာ လူလို အသက်မရှူရဘူး
ထူးဆန်းထွေလာ မြို့ကြီးထဲမှာ
စိတ်တပေါက် လွှတ်ချလိုက်တိုင်း
သွေးတစ်ပေါက် ခါးသက်တယ်။
ကျေနပ်တတ်ရင်တော့
သူလိုကိုယ်လို မျက်ရည်ကျလိုက်ပါ
နက်နက်နစ်အောင် တူးတိုင်း
ဘ၀ဟာ ဆားမပါတော့ဘူး
အဆင်ပြေသလို ဆိုတာတွေနဲ့
အခု ခင်ဗျား လွယ်ထားတဲ့ အဥခွံမှာ အကာချည်းသက်သက်
စိတအနာဆိုတာ
ကျင်လည်ရတဲ့ အနေအထားအလိုက် အနုအရင့်ကွဲမယ်။
ဆိုလိုတာ စကားအသစ်အဆန်းတွေ မဟုတ်ဘူး
ပစ်စလခတ် ရွဲ့နေတဲ့ အတွေးကို
ပစ်စလခတ် ရွှေ့ပစ်လိုက်ဖို့ပဲ။
နေမွန်းသင်
၁၅.၀၃.၀၈
1 comment:
လူဟာ လူလို အသက်ရှင်ဖို့
လူဟာ လူလို အသက်မရှူရဘူး
ထူးဆန်းထွေလာ မြို့ကြီးထဲမှာ
စိတ်တပေါက် လွှတ်ချလိုက်တိုင်း
သွေးတစ်ပေါက် ခါးသက်တယ်။
အရေး အဖွဲ့ တွေ ထိတယ်ဗျာ။
Post a Comment