ဘ၀အကြောင်း လွမ်းရတာလောက်
ဘယ်အရသာမှ ပိုမထိရှဘူး။
ဟိုးအရင်တုန်းက
တစ်ယောက်မျက်ဝန်း တစ်ယောက်ဖတ်ပြီး
တစ်ယောက်အပူ တစ်ယောက်လက်လွှဲယူကြ
တစ်ယောက်ရင်ဘတ် တစ်ယောက်မီးကူးယူကြ
ငါတို့ သူငယ်ချင်းတွေ။
လူစုံရင် ၀ိုင်းဖွဲ့ဆိုတဲ့စကားက
ညလုံးပေါက် ရွာမစဲတဲ့မိုး
တစ်ယောက်အနာဟောင်း တစ်ယောက် ဆွရင်း
တစ်ယောက်အပျော် တစ်ယောက် လုသောက်ရင်း
ဆေးလိပ်တစ်တိုနဲ့ အကုန်အာသာပြေကြ
လက်ဖက်ရည်တစ်ခွက်နဲ့ အကုန်ဝကြ
ပစ်ပစ်နှစ်နှစ် ဆဲဆိုသံကိုလဲ
ပျက်လုံးတစ်ခုလို ပေါ့ပါးခဲ့ကြ
ငါတို့ သူငယ်ချင်းတွေ။
“ပြန်ဆုံရင်
ငါတို့ ကဗျာတွေ စာအုပ်ထုတ်ရအောင်”တဲ့
ထွက်သွားကြတယ်
လေးတွဲတွဲ ရထားအိုကြီးတွေလို တစ်စင်းပြီးတစ်စင်း။
“ပြန်ဆုံရင်
တစ်ယောက်ဖိနပ် တစ်ယောက် လဲစီးရအောင်”တဲ့
ဝေးသွားကြတယ်
တိမ်စတွေကို တစ်ယောက်ပြီးတစ်ယောက်။
“ဘ၀ဆိုတာ ဒီလိုပါပဲကွာ”တဲ့
အဲဒီစကားလုံးတွေပဲ ထပ်ထပ် ညည်းရင်း
ပင်လယ်နက်နက်ထဲ ပြုတ်ကျခဲ့တဲ့ အပိုင်းအစတွေလို
ပရိယေသနအကြားမှာ အသက်ရှူဝရုံလေး
တစ်ယောက်ခေါ်သံ တစ်ယောက် ပြန်မထူးနိုင်ခဲ့တာ
ဒီနေ့ထိပါပဲ...။
နေမွန်းသင်
၂၀.၁၁.၀၇
2 comments:
ဘဝဆိုတဲ့မြစ်ကို အဖော်မပါ တယောက်တည်း အလျားလိုက်ဖြတ်ကူးနေရတယ်ဗျို့ ။ နားခိုစရာ ဖောင်လည်းမတွေ့ ဘူး။ မေခလာ ကလည်းခုထိပေါ်မလာသေးဘူး။ ဘယ်သွားပြီး သီချင်းဆိုနေမှန်း မသိဘူး။ :-D
“ဘ၀ဆိုတာ ဒီလိုပါပဲကွာ”တဲ့
အဲဒီစကားလုံးတွေပဲ ထပ်ထပ် ညည်းရင်း
ပင်လယ်နက်နက်ထဲ ပြုတ်ကျခဲ့တဲ့ အပိုင်းအစတွေလို
ပရိယေသနအကြားမှာ အသက်ရှူဝရုံလေး
တစ်ယောက်ခေါ်သံ တစ်ယောက် ပြန်မထူးနိုင်ခဲ့တာ
ဒီနေ့ထိပါပဲ...။ Same to you my bro...I like this poem with my heart.
Post a Comment