လေးဖက်လေးတန်
လှောင်ပိတ်ထားတဲ့ လေထုထဲမှာ
အပျက်မတစ်ယောက်လို ပြောင်ပြောင်တင်းတင်း
မုသာဝါဒတွေ လမ်းသလားနေတယ်။
တီဗွီပေါ်မှာ
သတင်းစာပေါ်မှာ
မှောင်လွန်းလို့ ဘာမှ မမြင်ရဘူး။
ဂိတ်ဝမှာ ခွေးစာကျွေးနေတဲ့ ငနဲကိုများ
“လူ့အခွင့်အရေး”ဆိုပြီး ပါးစပ်သွားမဆော့လိုက်နဲ့
ပြဿနာက မသေးဘူး
အစွယ်ရှိတဲ့ သတ္တ၀ါတွေ သွေးဆာနေတဲ့ခေတ်။
ရေတစ်ခွက် ကပ်မိတာနဲ့
ဆွမ်းတစ်နပ် လှူမိတာနဲ့
တစ်သက်တစ်ကျွန်းဆိုလဲ ရောက်သွားနိုင်ရဲ့
ဥပဒေဟာ သေနတ်ပြောင်းဝမှာ ရှိတယ်
သယံဇာတတွေ ပေါသလို
မိုက်ရူးရဲတွေလဲ ထွန်းကားတယ်။
မှောင်လွန်းလို့
အိမ်ရှေ့မှာ ဖယောင်းတိုင်ထွန်းမိသလား
ဒါလဲ အပြစ်တစ်ခုပဲ
စေတီခြေရင်းမှာ
တစ်ခုခုကိုများ ထိုင်ဆုတောင်းမိသလား
ဒါလဲ ပုဒ်မတစ်ခုပဲ
စားဝတ်နေရေး အဆင်မပြေလို့
စိတ်ညစ်ညစ်နဲ့ လမ်းမပေါ်ထွက် သီချင်းဆိုမိသလား
ဒါလဲ ပုန်ကန်မှု တစ်ခုပဲ
ဘာပဲလုပ်လုပ်
ပုန်ကန်မှုမျက်လုံးတွေနဲ့ လွတ်တယ်လို့ကို မရှိဘူး
လူတွေကို ကြည့်ပုံ မြင်ပုံက
သားသတ်ရုံက နွားတွေကို ကြည့်သလို
ဘယ်နေ့မှာ ဘယ်ကောင်ကို အရင်ဆွဲရမလဲ
ဘယ်သူ့ဦးခေါင်း မာမမာ
ဘယ်ကောင့်စိတ်ဓတ် ပျော့မပျော့
လက်တဲ့စမ်းလိုစမ်း
ဖမ်းချင်တိုင်းဖမ်း ရမ်းချင်တိုင်းရမ်းလို့
မှောင်ပါတယ်ဆိုမှ
မျိုးဆက်ကြီးတစ်ခုလုံး တွင်းအောင်းကောင်တွေဖြစ်အောင်
ယုတ်ယုတ်မာမာကို “ကျုံးသွင်း”ခံနေရတဲ့အဖြစ်ပါ။
အမှန်ကို အမှန်အတိုင်းပြောမလား
ပုန်ကန်မှုပဲ
အမှားကို အမှားလို့ ဆိုမလား
ပုန်ကန်မှုပဲ
သင့်ဦးခေါင်းမှာ အဲဒါတွေ တွေးမိသလား
သင်ဟာ သူပုန်ပဲ
သင့်မျက်လုံးနဲ့ ဒီကဗျာကို ဖတ်မိသလား
သင်ဟာ သူပုန်ပဲ
စကားလုံးအပိုင်းအစတစ်ခု
စာရွက်အတိုအစလေးတစ်ရွက်
ဒီလို ဒီလို သင်ချရေးမိသလား
ဒါလဲ ပုန်ကန်မှုပဲ
ဘယ်လို ကျင့်ဝတ်နဲ့မှ ပြေးမလွတ်ဘူး။
ပြည်သူတွေအကြားမှာ
ဘယ်နေရာ ကြည့်ကြည့်
နေရာတိုင်းမှာ သူပုန်ရှိတယ်တဲ့
ငါတို့ဟာ လူငယ်တွေပါ
သူပုန်လို့ သမုတ်ခံရတယ်
ငါတို့ဟာ သွေးအေးသူတွေပါ
လူဆိုးတွေ ဖြစ်ခဲ့တယ်
ငါတို့ဟာ ပြည်သူထဲက ပြည်သူတွေပါ
ငါတို့ သူပုန်အကြည့် ကြည့်ခံရတယ်
ငါတို့က အဲဒါတွေကို မရှာဖွေပါဘဲ
အဲဒါတွေဆီ ငါတို့ကို အတင်းတွန်းပို့လိုက်ကြတယ်
ငါတို့မှာ ရွေးစရာ လမ်းမရှိဘူး
ခေတ်က တွန်းပို့တဲ့ဆီ ငါတို့သွားကြတယ်
ဦးနှောက်နဲ့ နှလုံးသားနဲ့ ခံစားမှုနဲ့
ငါတို့ နာကျင်မှုဟာ ငါတို့ရဲ့ လက်နက်ဖြစ်သလို
ငါတို့ ယုံကြည်မှုဟာ ငါတို့ တရားဖြစ်ခဲ့။
ဟုတ်တယ်
ငါတို့ဟာ သူပုန်တွေပါ
အမှောင်နဲ့ မတည့်တဲ့ရောဂါနဲ့
နေမတတ် ထိုင်မတတ် အလင်းကို ငတ်နေတဲ့
အလင်းသူပုန်တွေပဲဖြစ်တယ်။ ။
နေမွန်းသင်
၀၁.၁၂.၀၇
ဆက်ဖတ်ဦးနော်…
ပြီးသွားပြီနော်…