Sunday, November 4, 2007

ဆောင်း

သစ်ရွက်လေးကို လှုပ်ခါချလိုက်ရုံနဲ့
သွေးထဲသားထဲ
အလွမ်းက အညှာလွယ်လွန်းတယ်။

တကိုယ်ရေတကာယကို စောင်လိုခြုံပြီး
အနွေးဓာတ်ကို ဘယ်လိုရှာမလဲ
လူခြေတိတ်ချိန်ကျမှ
မျက်ဝန်းမှာ မြူတွေဆိုင်းတယ်။

သွေးရိုးသားရိုးမဟုတ်သလိုလို
ဆယ့်နှစ်ကြိုးအပြည့်တတ်ထားတဲ့ အညှို့ဓာတ်နဲ့
မေ့ထားတဲ့အကြောင်းကိုမှ တယုတယ
ကြောင်တကောင်လို ကျောသပ်ရင်သပ်
အနေဝေးနေတဲ့ ဘ၀တွေထဲ
နှင်းတွေသဲသဲ လှုပ်ကြွေတယ်။

ကံကြမ္မာကိုပဲ ယိုးမယ်ဖွဲ့ကြပါစို့
အိမ်အပြန်လမ်းကို မျှော်လိုက်တိုင်း
နေမပွင့်တဲ့မနက်ခင်းတခုလို
အလွမ်းတွေပဲ အုံ့အုံ့ဆိုင်းဆိုင်း။

တယူသန်ပါ
မနက်ခင်းလေးထဲ ငေးမိငေးရာ
လမ်းလျှောက်ရင်း တွေးမိတွေးရာ
ဘ၀အလွမ်းတွေလဲ နှင်းတွေထဲမှာ . . . . . .

နေမွန်းသင်
၎-၁၀-၂၀၀၇

2 comments:

မျှားပြာ said...

အစ်ကို့ရဲ့ ဆောင်းလေးက နူးနူးညံ့ညံ့နဲ့ ရင်ထဲကို ရောက်သွားတယ်

pandora said...

သွေးရိုးသားရိုးမဟုတ်သလိုလို
ဆယ့်နှစ်ကြိုးအပြည့်တတ်ထားတဲ့ အညှို့ဓာတ်နဲ့
မေ့ထားတဲ့အကြောင်းကိုမှ တယုတယ
ကြောင်တကောင်လို ကျောသပ်ရင်သပ်
အနေဝေးနေတဲ့ ဘ၀တွေထဲ
နှင်းတွေသဲသဲ လှုပ်ကြွေတယ်။

ရင်ထဲကိုလာရိုက်တဲ့စကားလုံးတွေပါ။
အသံမဲ့သွားတယ်။