Friday, November 16, 2007

ဂိလာနတစ်ယောက်ရဲ့ ချင်ခြင်း

လွမ်းတာတောင်

ဖြောင့်ဖြောင့် မလွမ်းတတ်တော့ဘူး

အတွင်းသားမှာ ငုတ်နေတဲ့ ညှောင့်က

လွမ်းစရာကို သွားသွားစူးတယ်။


အိုရွယ်နေတဲ့ အမေ့ကို လွမ်းသလို

ခြောက်သယောင်းနေတဲ့ ငါ့မြေကိုလဲ

ငါလွမ်းမိတာပါပဲ

ကိုယ့်မြေကိုယ့်အိမ်ကို ချစ်တဲ့စိတ်ကလွဲလို့

ငါမြေဟာ သားရဲပေါတယ်ဆိုတာလဲ

သိခဲ့ပါရဲ့

မကောင်းတာက မကောင်းတာပေါ့လေ

ချစ်တာက ချစ်တာပေါ့

ငါ့မြေကို ရောက်အောင်တော့ ပြန်ရမှာပဲ။


မြို့ပြအိမ်ရာတွေလို တန်းမတ်နေတဲ့ အုန်းပင်တန်းနဲ့

ငယ်ငယ်က ရေကူးနေကျ ပင်လယ်ပြာပြာကြီးနဲ့

အိမ်ရှေ့က ဘောလုံးကွင်း စိမ်းစိမ်းကြီးနဲ့

သားတမျှော်မျှော်နဲ့ အမေလဲ ရှိသေးတယ်လေ

ဆော်လမွန်ငါးတွေလို ရောက်ရာအရပ်ကနေ

ငါပြန်ရအုံးမယ်။


ဝရန်တာမှာ

ရေနံဆီမီးခွက်ထွန်းပြီး ငုတ်တုတ်ထိုင်နေတတ်တဲ့ အမေ့ဆီကို

ငါစာမရေးနိုင်သေးဘူး

ဆောင်းတွင်းမှာ

မီးပုံဘေး စားခဲ့တဲ့ ထမင်းကြမ်းနဲ့ ငါးခြောက်ဖုတ်ကို

ငါ မမေ့နိုင်သေးဘူး

လပြည့်ညတိုင်း

ဘုရားဝင်းထဲမှာ ယောင်လည်လည်ညတွေကို

ငါရင်ခုန်လို့ မဆုံးသေးဘူး

ဘယ်လမ်းကပဲ ရောက်ရောက်

ငါပြန်မှ ဖြစ်မှာပါလေ။


တောသားလဲ တောသားအလျောက်

လွမ်းစရာကလဲ ဒီတောနဲ့ ဒီတောင်ရယ်

ဒီအချိန်ဆို အမေ့လယ်မှာ ကောက်သစ်ပေါ်ပြီပေါ့

လရောင်အောက်မှာ ကောက်လှိုင်းထမ်းနေတဲ့ ငါ့အကိုရယ်

ကြွက်သားတွေ ဖုထစ်နေပေမယ့်

ရုပ်ကတော့ တော်တော် အိုစာနေပြီပေါ့

ငါ့လိုပဲ

ညီအငယ်ကောင်လဲ တိုင်းတပါးမှာ

အခုထိ သေသလား ရှင်သလား မသိရသေးဘူး

ငါအိမ်ပြန်မှ ဖြစ်မှာပါလေ

ငါ့မြေကို ငါချစ်သလို

ငါ့မြေကရော ငါ့ကို ချစ်ပါ့အုံးမလား

လူကိုလူလို မကြည့်တဲ့ မျက်လုံးတွေကလဲ ပေါပါဘိနဲ့

မဲမဲမြင်ရာ ယုန်ထင်တဲ့ မုဆိုးတွေကလဲ ပေါပါဘိနဲ့

ငါ့အိမ်ရော အရင်လို လုံမှ လုံခြုံပါ့အုံးမလား

အမေကတော့ မျှော်နေမှာပါလေ

ငါရောက်အောင်တော့ ပြန်ရမှာပဲ။


တန်ဆောင်တိုင်ပွဲကို မမြင်ရတာလဲ ကြာပြီ

ညလုံးပေါက် ဘုရားလှည်းဆွဲရင်း

ကျွေးတာတွေ အကုန်စားတဲ့ ကလေးဘ၀တွေ

ဘယ်လိုလုပ် မေ့လို့ရမလဲ

မလွမ်းတာပဲ ကောင်းပါတယ်လေ

ငါ့အမေကို ငါချစ်သလို

ငါ့မြေကို ငါချစ်နေတာပဲ တော်လှပြီ

လေသင့်တဲ့ တရာသီသီမှာတော့

ငါ့ပင်လယ်ပြာပြာနဲ့ အုန်းပင်တန်းလေးကို

ပြန်တွေ့ကောင်း ပြန်တွေ့နိုင်ပါရဲ့လေ

မျှော်လင့်ခြင်းဟာ အလကားတော့ မဖြစ်နိုင်လောက်ပါဘူး။


အခုတစ်လော

နေ၀င်ရင် အိပ်တန်းပြန်တဲ့ ငှက်တွေပဲ

ငေးငေးနေမိတယ်။ ။

နေမွန်းသင်

၁၆.၁၁.၀၇

4 comments:

Mintasay said...

This is what we called poem, great one

Kaung Kin Ko said...

"အတွင်းသားမှာ ငုတ်နေတဲ့ ညှောင့်က
လွမ်းစရာကို သွားသွားစူးတယ်။"

"ကိုယ့်မြေကိုယ့်အိမ်ကို ချစ်တဲ့စိတ်ကလွဲလို့
ငါမြေဟာ သားရဲပေါတယ်ဆိုတာလဲ
သိခဲ့ပါရဲ့"

"လူကိုလူလို မကြည့်တဲ့ မျက်လုံးတွေကလဲ ပေါပါဘိန့
မဲမဲမြင်ရာ ယုန်ထင်တဲ့ မုဆိုးတွေကလဲ ပေါပါဘိနဲ့
ငါ့အိမ်ရော အရင်လို လုံမှ လုံခြုံပါ့အုံးမလား"

"အခုတစ်လော
နေ၀င်ရင် အိပ်တန်းပြန်တဲ့ ငှက်တွေပဲ
ငေးငေးနေမိတယ်"

အရမ်းကြိုက်တယ်ဗျို့ ။

Chaos said...

ကိုနေရေ
တကယ်ကိုကောင်းတဲ့ကဗျာလေးပါ
တစ်နေ့မှာမှာ
ဖြစ်လာရမယ်ဆိုတဲ့
မျှော်လင့်ချက်လေး သာရှိနေဦးမယ်ဆိုရင်
ဖြစ်ကိုဖြစ်လာမှာပါ
အမိမြေရဲ့ ကိုယ်စား
ကျွန်မတို့အားလုံးက
လက်ကမ်းကြိုလျက်ပါ

Anonymous said...

စာသားတွေ သိပ်ကောင်းတာပဲ ။ ပြောမှ ပိုတောင်လွမ်းသွားပါတယ် ။ ငါးခြောက်ဆီဆမ်း မစားရတာလဲ ကြာပါပြီ ။ အေးစက်နေတဲ့ ပေါင်မုန့်တစ်ချပ်အပေါ် ယိုတစ်ခုခု သုတ်ပြီး ခပ်သွက်သွက်စား အလုပ်နဲ့ကျောင်းကိုပြေးနေရတဲ့ဘ၀မှာ လရောင်အောက်က မွေးရပ်မြေကိုလည်း ပိုပိုသတိရနေမိပါတယ် :)