ငါ့အရေခွံကို လာမချွတ်နဲ့
ဟောဒီခေတ်ပျက်ကြီးထဲလူတွေ
ရွှဲရွှဲစိုအောင်နစ်မွန်းနေတာ
ငါမြင်နိုင်သေးတယ်
ငါမမူးသေးဘူး။
တစ္ဆေလိုလို သရဲလိုလို
ငါ့အာရုံကို လာမနှောက်နဲ့
ငါ့သွေးကြောတွေ တဆတ်ဆတ်ခုန်နေတာ
ခါးသီးမှုနဲ့ မျက်လုံးတွေ တ၀င်းဝင်းတောက်နေကြတာ
ငါသိသေးတယ်
ငါမမူးသေးဘူး။
ငါ့ဧရာဝတီရေ
မင့်မျက်ရေ တသွင်သွင်စီးနေတာကို
မင့်အလှဂုဏ်ကလေး သိမ်ငယ်နေရတာကို
ငါမြင်နေရတုန်းပါ
ငါမမူးသေးဘူး။
ချစ်လှစွာသော ဘ၀တူတွေရေ
မင်းအပြန်ကို ညောင်ညိုရိပ်က စောင့်နေတုန်းပါ
မင်းဝင်သွားတဲ့ နံရံအမြင့်ကြီးလဲ နီမြဲနီနေတုန်းပါ
ဗလောင်ဆူနေတဲ့ မိသားစုရင်ဘတ်တွေကိုလဲ
ငါကြားမြဲကြားနေရတုန်းပါ
ငါမမူးသေးဘူး။
ဘ၀ဆိုတာ
တိုက်ပွဲဝင်ရင်း ချိုမြိန်နေတဲ့ အရသာတမျိုးလို့
အဲဒီလိုလဲ ငါအဓိပ္ပါယ်ဖွင့်ဆိုနိုင်သေးရဲ့
ဘယ်တော့မှ
ဘယ်တော့ - - - ဘယ်တော့ - - - မှ
ဟောဒီမြို့ကြီး မိုးမလင်းသေးသရွေ့
ငါ မူးကို မမူးသေးဘူး ။ ။
နေမွန်းသင်
၁၁.၁၁.၀၇
ထီးဆိုင်ရဲ့သီချင်းကိုခံစားမိရာမှ
ပေါက်ဖွားလာတဲ့ စကားလုံးအပိုင်းအစတွေပါ။
3 comments:
ဲတကယ်ထိတယ်
ကောင်းလိုက်တဲ့စာ
"ငါ့ဧရာဝတီရေ
မင့်မျက်ရေ တသွင်သွင်စီးနေတာကို
မင့်အလှဂုဏ်ကလေး သိမ်ငယ်နေရတာကို"
စာသားတွေ အရမ်းမိုက်တယ်ဗျာ။
ငါ မမူးသေးဘူး။ ငါမမူးသေးဘူး။ ပုလင်းထဲက အရက်တွေ မခန်းသေးသရွေ့ တော့။...အဲလေ..မန္တလေးကျုံးရေ မခမ်းသေးသရွေ့ တော့။ :-D
Post a Comment