“ဘာကိုပြစ်ရှာပုံမှာလဲ…တရားခံရင်းဟာ ဘယ်သူလဲ…ကိုယ်လေ စဉ်စားမရနိုင်တိုင်း…နံရံကို လက်သီးနဲ့ထိုးမိတယ်…”
နာကျင်မှုတွေ များလာတိုင်း မကျေနပ်မှုတွေ များလာတိုင်း နံရံကို တရားခံအဖြစ် ရိုးစွပ်ရင်း ငါတို့လက်သီးတွေ သွေခြေဥခဲ့ရပေါင်းများပြီ၊ မျိုသိပ်ထားခဲ့တာတွေ ဘယ်လောက်ထိ၊ အလိမ်အညာခံခဲ့ရတာတွေ ဘယ်လောက်ထိ၊ မျိုးဆက်တွေ တဆက်ပြီးတဆက်၊ ဖိနှိပ်မှုတွေ တဆက်ပြီးတဆက်၊ အလင်းရောင်ကိုရှာသူတိုင်း ယုံကြည်မှုကလွဲလို့ အမှောင်တွေပဲ တရစပ်၊ ဘ၀ကို ဘ၀လိုချစ်မြတ်နိုးသူတိုင်း အမှန်တရားကို အမှန်တရားလိုရှာဖွေသူတိုင်း လွတ်လပ်မှုကို လွတ်လပ်မှုလိုမြတ်နိုးသူတိုင်း အချိန်ရှိတိုင်း ခံစားရတယ်၊ တွေးမိတိုင်း နာကျင်ရတယ်၊ လူသားဘ၀ဟာ ဘာ့ကြောင့် ဒီနေရာလေးမှာပဲ ကွက်ကြားမှောင်နေရတာလဲ၊ ငါတို့ရှာခဲ့တာ လူ့ဘ၀စစ်စစ်၊ ငါတို့ရခဲ့တာ မွမ်းကျပ်နေတဲ့ဖိနှိပ်မှု အညှာတာကင်းမဲ့တဲ့ရက်စက်မှု လက်တဆုပ်စာလူတစ်စုရဲ့ အာဏာနဲ့စည်းစိမ်ပေါ် မက်မောဖက်တွယ်မှု၊ လူသားဟာ သတ္တ၀ါတွေထဲမှာ အကြီးမြတ်ဆုံးနဲ့တန်ဘိုးအရှိဆုံးတဲ့၊ ငါတို့ဘ၀တွေဟာ လူ့ဘ၀စစ်စစ်ကိုပိုင်ဆိုင်ရတာမှ ဟုတ်ရဲ့လား၊ အနာဂါတ်ကိုရှာရင်း လမ်းပျောက်လို့ ပျော်ရွှင်မှုကိုရှာရင်း နာကျင်လို့ လွတ်မြောက်မှုကိုရှာရင်း လှောင်ပိတ်လို့။
“မျိုသိပ်ထားတဲ့ နာကျင်မှု…သိုသိပ်ထားတဲ့ မကျေနပ်မှု….တခါပေါက်ကွဲမှ စိတ်ပြေမယ်…”
တွေးတိုင်းတွေးတိုင်း ဒီရေလိုတရိပ်ရိပ်တက်လာတဲ့ မကျေနပ်မှုတွေနဲ့ ယဉ်ကျေးတယ်ဆိုတဲ့ ငါတို့အသိုင်းအ၀ိုင်းမှာ အသေးအမွှားအဖြစ်ကလေးကစပြီး တယောက်ကိုတယောက် ရန်သူလို ဆက်ဆံတတ်ခဲ့ပြီ၊ ဘာသာတရားရဲ့စစ်မှန်တဲ့ငြိမ်းချမ်းမှုဟာ ငါတို့အပေါ် မလွှမ်းမိုးနိုင်တော့တဲ့အဆုံး ငါတို့ဟာ အရိုင်းတွေလို လူကိုလူလို မကြည့်မမြင်တတ်တော့ လောကပါလတရားကို အလေးထားစရာလိုမမြင်တော့ လူ့ကျင့်ဝတ်တွေဟာ ပရိယေသန၀မ်းရေးအကြားမှာ ဖုတ်လှိုက်ဖုတ်လှိုက်။
“ဘာကိုပြစ်ရှာပုံမှာလဲ…တရားခံရင်းဟာ ဘယ်သူလဲ…”
ကြည့်တတ်ရင် တရားခံဟာငါတို့ရှေ့မှာ၊ မြင်တတ်ရင်မြင်လိုက်စမ်းပါ၊ ယူနီဖောင်းနဲ့ ပြည့်နေတဲ့နံရံကို ပိတ်ထိုးလိုက်စမ်းပါ၊ ငါတို့ဘ၀တွေ ချွတ်ချုံကျခဲ့တာ ငါတို့မျိုးဆက်တွေ လူစဉ်မမှီခဲ့တာ ငါတို့ရေမြေတွေ နွမ်းကျင်ခြောက်သွေ့ခဲ့ရတာ အဲဒီယူနီဖောင်းဝတ်တွေကြောင့်၊ တရားခံဟာ ငါတို့ရှေ့မှာ၊ ဘာကိုမှအပြစ်ရှာစရာမလိုတော့အောင် တရားခံဟာ ငါတို့ရှေ့မှာ။
“မျိုသိပ်ထားတဲ့ နာကျင်မှု…သိုသိပ်ထားတဲ့ မကျေနပ်မှု…တခါပေါက်ကွဲမှ စိတ်ပြေမယ်…နံရံကို လက်သီးနဲ့ထိုးမိတယ်”
နင်းခံရတဲ့စပါးဟာ သန်သတဲ့၊ ဘ၀ရဲ့အဓိပ္ပါယ်ကိုရှာတိုင်း လူသားအဖြစ်ကို နက်နက်ရှိုင်းရှိုင်းတွေးမိတိုင်း နာကျင်မှုတွေပဲရခဲ့ပေါင်းများတော့ ငါတို့ဟာ အလိုလိုပဲ ပုန်ကန်တတ် လာတယ်၊ လူသားဟာ သူ့ရဲ့ရပိုင်ခွင့်ကိုတောင်းဆိုဖို့ ဘယ်တော့မှဝန်မလေးဘူးဆိုတာ လက်တွေ့ပြတတ်လာတယ်၊ အုံကြွမှုတွေတိုင်း ငါတို့ရဲ့အသက်သွေးတွေနဲ့ စတေးခဲ့ပေါင်းလဲများပြီ၊ နာနာကျင်ကျင်ပဲ အရသာရှိလိုက်အုံး၊ မဆုံးသေးတဲ့တိုက်ပွဲဟာ ငါတို့ရဲ့လက်ထဲမှာရှိတယ်၊ ရောမမြို့ကြီးတောင်ပြာကျသေးတာပဲ၊ ငါတို့ရဲ့စွမ်းအားဟာ ငါတို့ရဲ့ညီညွတ်မှုနဲ့ ငါတို့ရဲ့ယုံကြည်မှု၊ လူသားဘ၀ရဲ့လွတ်လပ်ခွင့်ကို ငါတို့ မြတ်မြတ်နိုးနိုးယုံကြည်နေသရွေ့ ငါတို့ရဲ့တိုက်ပွဲဟာ ဘယ်တော့မှ မကျရှုံးသေးဘူး ။ ။
နေမွန်းသင်
၁၂-၁၀-၀၇
No comments:
Post a Comment