“ကိုရင် ကိုရင် - - သတိထားအုံး - - - - ဟ - - အရှင်ဘုရား ကိုရင်လေး ခေါ်လို့မထူးတော့ဘူးဘုရား”
အမေ - - - -
ဒီအချိန်မှာ ကျွန်တော် အတမ်းတအလိုချင်ဆုံးဟာ အမေရဲ့စကားသံးတစ်ခွန်း အမေရဲ့နွေးထွေးတဲ့လက်ကလေးတစ်စုံပါ၊ ကျွန်တော့ရင်ထဲမှာ အမေ့ဆီပြန်ဖို့ အမြဲတမ်းစိတ်ကူးယဉ် နေရတာ ကျွန်တော်ပြန်လာနိုင်ပါ့အုံးမလား အမေရာ- ကျွန်တော်မမိုက်ပါဘူးနော် အမေ။ကျွန်တော်လိမ္မာပါတယ်။ အမေပြောတဲ့အတိုင်း ကိုရင်ဝတ်တာ မြင့်မြတ်တယ်ဆိုလို့ အမေစိတ်ချမ်းသာအောင် ကိုရင်ဝတ်ခဲ့တာပဲ။ ဒီအသက်အရွယ်လေးမှာ အမေနဲ့ ဝေးပြီး တစ်မြေတစ်ရွာကို စာလာသင်ရတာ အမေ့ကိုလွမ်းတဲ့စိတ်နဲ့ ကျွန်တော် မေတ္တာငတ်ခဲ့တာပေါ့ အမေ။ အခုလည်း ကျွန်တော် ဘာမှ ဟော့ဟော့ရမ်းရမ်း မလုပ်ခဲ့ပါဘူး။ အမေပဲ စဉ်းစားကြည့်ပေါ့။ အမေသား ဒီအသက်အရွယ်လေးနဲ့ သပိတ်ကိုမှ အနိုင်နိုင် မပိုက်နိုင်သေးတာ။ ကျွန်တော် ဘယ်လိုလုပ် သူများကို ရန်ပြုနိုင်မှာမို့လို့လဲ။ တီဗွီတွေကြည့်ပြီး အမေ တစ်မျိုး ထင်မနေပါနဲ့။ ကျွန်တော် ပြောတာ ယုံပါအမေရာ။ ကျွန်တော် လိမ္မာပါတယ်။
အဲဒီနေ့က မိုးမရွာတဲ့နေ့ပေါ့ အမေ။ ကျောင်းက ကိုရင်ကြီးတွေက ပြောတယ်။ “ဟေ့..မောင်ရင်။ ဒီနေ့ လမ်းပေါ်မှာ ပရိတ်ရွတ်ပွဲ ရှိတယ်။ မောင်ရင် လိုက်မလား”တဲ့။ ကျွန်တော် သိပ်လိုက်တာပေါ့ အမေရာ။ အမေပဲ စဉ်းစားကြည့်လေ။ ပရိတ်ရွတ်တာပဲ။ကောင်းတာလုပ်တာကိုး။ သားတို့ရွာမှာလဲ အန္တရယ်ကင်းချင်ရင် ရွာဦးရွာဖျား ပရိတ်ရွတ်နေကြတာပဲ။ အခုလည်း ကိုယ်တော်တွေက ပြောတယ်။ ပြည်သူပြည်သားတွေ အန္တရယ်ကင်းအောင် ပရိတ်ရွတ်မလို့တဲ့။ တိုင်းသူပြည်သားတွေဆိုတော့ အမေလည်းပါမှာပေါ့။ ညီလေးနဲ့ ညီမလေးလဲ ပါတာပေါ့။ ကျွန်တော်တို့က အဲဒီအတွက် လမ်းပေါ်မှာ စီတန်းပြီး ပရိတ်ရွတ်ကြတာ အမေရာ။ ပျော်ဖို့ အရမ်းကောင်းတာပဲ။ ကျွန်တော့်တသက်မှာတော့ ဒါ ထူးထူးဆန်းဆန်း ခံစားဖူးတဲ့ ကြည်နူးစရာပဲ အမေ။ အမေ့ကို မြင်စေချင်လိုက်တာ အမေရာ။ နောက်တော့ ဘာဖြစ်လို့ ဖြစ်မှန်းမသိလိုက်ဘူး အမေ။ ရှေ့ပိုင်းက သံဃာတွေ ၀ရုန်းသုန်းကားဖြစ်ပြီး ဆူညံသွားတာကို မြင်လိုက်တယ်။ ပြေးတဲ့ကိုယ်တော်တွေကလဲ ပြေးလို့။ ကျွန်တော် တောသားပဲ အမေရာ။ အပြေးသန်ပါတယ်၊ ဒါပေမယ့် အမေရာ ကျွန်တော် ကံမကောင်းဘူး ထင်ပါရဲ့၊ ဘာကြောင့်မှန်း မသိဘူး၊ တစ်ယောက်ယောက်က ကျွန်တော့်ကိုယ်ကို ဆောင့်တွန်းလိုက်သလို ကျွန်တော် အရှေ့ကို ဟပ်ထိုးလဲကျသွားတယ်၊ ကျွန်တော်ထပြေးဖို့ ကြိုးစားတယ်၊ မရဘူး အမေရာ၊ ကတ္တရာလမ်းမကြီးက ကျွန်တော့်ကို လှမ်းဆွဲ ကုတ်ထားသလိုပဲ၊ ကျွန်တော် လှုပ်လို့မရတော့ဘူး၊ အမေ့ကို သတိရလိုက်တာ အမေရာ၊ ကျွန်တော် သတိရတော့ ကျွန်တော် ဆော့နေကျ ကျောင်းပေါ်မှာ “လူအုပ်ကြားထဲကနေ မနည်း ဆွဲထုတ်လာခဲ့ရတယ်၊ ကိုရင်လေး ဒဏ်ရာ တော်တော်ကြီးတယ်၊ အခြေအနေကတော့ မကောင်းတော့ဘူး၊ နောက်ကျောကနေ မှန်တာတဲ့”။ ဘေးက စကားသံတွေပဲ ၀ိုးတ၀ါးကြားနေရတယ်၊ ကျွန်တော် ဘာမှ နားမလည်တော့ဘူး၊ ကျွန်တော် ရင်ထဲက အောင့်တယ် အမေရာ၊ ရေလဲ အရမ်း ဆာတာပဲ၊ ကျွန်တော့်  တစ်ကိုယ်လုံး မီးပုံကြီးထဲ ရောက်နေသလားပဲ၊ ကျွန်တော့် စိတ်တွေ ကျွန်တော် ဖမ်းဆုတ်လို့ မရတော့ဘူး၊
အမေ…
ကျွန်တော်မှာ ဘာအပြစ်ရှိလို့ ဒီလိုဖြစ်ရတာလဲ အမေရာ၊
ကျွန်တော် အသက်ရှူရတာ မ၀တော့သလိုပဲ၊ ကျွန်တော် အမေ့ကို တွေ့ချင်လိုက်တာ အမေရာ၊ ညီလေးနဲ့ ညီမလေးကိုလဲ တွေ့ချင်သေးတယ်၊ အခုဆို ဒီကောင် ကကြီးခကွေး ရေးတတ်နေပြီပေါ့၊ ကျွန်တော် ပြန်လာမှ သင်ပေးရဦးမယ် အမေ၊ ကျွန်တော် လက်ရေးတွေ ဘယ်လောက်လှတယ်ဆိုတာ အမေ့ကို ရေးပြရဦးမယ်၊ ပရိတ်ကြီး ၁၁သုတ်၊ ရှင်ကျင့်ဝတ်၊ လိင်၁၀ပါး၊ ဒဏ်၁၀ပါး၊ အဲဒါတွေ ကျွန်တော် ပြန်လာမှ အမေ့ကို ဆိုပြရဦးမယ်၊ ကျွန်တော် ပြန်လာနိုင်ပါဦးမလား အမေရာ၊ ကျွန်တော် တစ်ခုခုကို ကြောက်လန့်နေသလိုပဲ၊ ဟော… ကျွန်တော်ဆီ အဖေလာတယ်၊ အဖေ့အရွယ်က နဂိုအတိုင်းပဲ၊ ဒါပေမယ့် ကျွန်တော်ကို မမှတ်မိသလိုပဲ၊ အဖေ့ကို မြင်ရတာလဲ ၀ိုးတ၀ါးနဲ့။ အမေလဲ ခုဆို တစ်ယောက်ထဲရယ်၊ အဆင်ရော ပြေရဲ့လား အမေရာ၊ အမေ့နားမှာ ကျွန်တော်ရှိရင် အမေ့အလုပ်တွေ ၀ိုင်းကူလုပ်နိုင်တာပေါ့၊ အခုတော့ အမေရာ၊ ကျွန်တော်က မြို့မှာ စာသွားသင်နေတဲ့ ကိုရင်ပေါက်စလေး၊ အမေတော့ ၀မ်းသာနေမှာပေါ့၊ အမေ့ဆီ ပြန်လာချင်လိုက်တာ အမေရာ၊ ကျွန်တော် ပြန်ရောက်နိုင်ပါဦးမလား၊ ရေဆာတယ် အမေ၊
“အမေ့ကို ခေါ်ပေးပါ”
“ဟေ့…ကိုရင်လေး ဘာပြောနေတာလဲ” “ သူ့အမေကို ခေါ်ခိုင်းနေတာဘုရား”၊ “အော်…နောက်ဆုံးအချိန် ရောက်နေပြီ ထင်တယ်၊ ဆေးရုံပို့လဲ မှီမှာ မဟုတ်တော့ဘူး၊ ပို့ဖို့ အချိန်ရှိရင်တောင် ဟိုခွေးမသားတွေက ကျောင်းကိုဝိုင်းထားတာ၊ ထွက်ခွင့်ပေးမှာ မဟုတ်ဘူး၊ အေးကွယ် ကမ္မဿကာပဲပေါ့၊ ကိုရင်လေးနှလုံးသွင်းကောင်းအောင် ပဋ္ဌာန်းဒေသနာနဲ့ မေတ္တသုတ်တော် ရွတ်ပေးကြရအောင်”
အမေ…
ကျွန်တော် ပရိတ်ရွတ်နေတယ်လေ၊ အမေကြားရဲ့လား ကျွန်တော့်နှလုံးသားထဲမှာ မေတ္တာပွားနေတုန်းပဲ အမေ၊ ကျွန်တော် အဝေးကြီးကို မသွားချင်သေးဘူး အမေရာ၊ ကျွန်တော့်ကို ငယ်ငယ်ကလို အမေ့ရင်ခွင်ထဲ ပွေ့ထားပေးပါ၊ အမေနဲ့ ခွဲပြီး ကျွန်တော် မသွားပါရစေနဲ့၊ ကျွန်တော် မငိုပါဘူးနော် အမေ၊ ကျွန်တော် သတ္တိရှိပါတယ် အမေ၊ အို… ကျွန်တော် အသိစိတ်တွေ ဘာမှ တွေးလို့ မရတော့ဘူး၊ ကျွန်တော် ကိုယ်တိုင်ရော ဟိုရှေ့က မြို့ကြီးတစ်မြို့လုံးရော မဲမှောင်နေတာပဲ၊ မဟုတ်သေးဘူး အမေရာ၊ မြို့ကြီးတင်မကဘူး၊ ကျွန်တော်ရော အမေပါ ကျင်လည်နေတဲ့ ခေတ်ကြီးတစ်ခေတ်လုံး မှောင်နေတာ ဖြစ်မှာပါ၊ ဘာဆိုမှ မမြင်ရတော့ဘူး၊ မီးခိုးလုံးတွေ ကြားထဲမှာ ပိန်းပိန်းကျအောင် မှောင်လို့၊ အော်သံတွေ ငိုသံတွေ ခြေဖ၀ါးတစ်ခုချင်းဆီက ထွက်တဲ့ အသံတွေ ကျွန်တော် လွင့်မြောနေတဲ့ တိမ်တိုက်တွေ ကြားထဲထိ ရိုက်ခတ်လို့ ကျွန်တော့်ကို ငယ်ငယ်ကလို ဆွဲပွေ့ထားလို့ မရတော့ဘူးလား အမေရာ၊ ကျွန်တော် မသွားပါရစေနဲ့ အမေ၊ ကျွန်တော် ပရိတ်ရွတ်လို့ မဆုံးသေးဘူး…အ…မေ…။
“ကိုရင်လေး အသက်မရှိတော့ဘူးဘုရား”
“အေးကွယ်…မေတ္တာသုတ်တော်ကို ဆုံးအောင်ရွတ်လိုက်ကြရအောင်”
ကျွန်တော် မငိုပါဘူး အမေရာ၊
နာကျည်းသွေးပျက်ဖွယ်ရာ ခေတ်ကြီးတစ်ခုလုံးရဲ့ မျက်ရည်စက်တွေကို ကျွန်တော့်ဝိညာဉ်နဲ့ အတူ သယ်ဆောင် မသွားနိုင်တာကိုပဲ ကျွန်တော် ၀မ်းနည်းနေမိတာပါ အမေ…။
ရွှေဝါရောင်တော်လှန်ရေး တစ်လပြည့်လွမ်းဆွတ်သတိရခြင်း အမှတ်တရ
နေမွန်းသင်
၂၆.၁၀.၀၇
1 comment:
ဒီစာလေးဖတ်ပြီး ရင်ထဲမကောင်းလိုက်တာ။ နှလုံးသားက ဆတ်ဆတ်ခါအောင် ခံစားရတယ် ။ ကျချင်လာတဲ့ မျက်ရည်တွေနေရာမှာ အားမာန်တွေ ပြန်သွင်းလို့ ရှေ့ဆက်ရမယ့် တိုက်ပွဲအတွက် နာကျင်ခြင်း အမာရွတ်အဖြစ်သာ ရင်ထဲမှာ သိမ်းဆည်းလိုက်ပါတယ်။
Post a Comment