တစ်ယောက်က ဆိုတယ်
ဘ၀ဆိုတာ
တစ်ဘ၀လုံး ကုန်းရုန်းရှာလည်း
ဒီဘ၀မှာဖြင့် တွေ့မှာ မဟုတ်တော့ဘူးတဲ့။
တစ်ယောက်က ပြောတယ်
ဘ၀အရသာဆိုတာ
သွေးနဲ့ ချွေးနဲ့ ရင်းပြီး ရှာခဲ့ရတာတောင်
မျက်ရည်စက်တွေပဲ တွေ့ရတယ်တဲ့။
တစ်ယောက်က ဆိုတယ်
ဘ၀အရသာဆိုတာ
ငါတို့ရဲ့ ပရိယေသနကြားမှာ
ရရစားစား ကြွေမွသွားပြီတဲ့။
နောက်တစ်ယောက်က ပြောတယ်
ဘ၀အရသာဆိုတာ
ကြားသာကြားဖူးပြီး
မစားဘူးလိုက်တဲ့ အရသာတစ်မျိုးတဲ့။
နောက်ဆုံး တစ်ယောက်က ပြောတယ်
ဘ၀ဆိုတာ
အခွံနွှာထားတဲ့ သစ်သီးတစ်လုံး မဟုတ်ဘူး
အခိုးသတ်ထားတဲ့ ဦးနှောက်တစ်ခု မဟုတ်ဘူး
လက်ပေးသင်ထားတဲ့ ခွေးတစ်ကောင် မဟုတ်ဘူး
လူလူချင်း မကြည့်ရဲ့ အကြောက်တရား မဟုတ်ဘူး
ခံစားချက်အသိုးတွေ စားနေရတဲ့ လူမမာ မဟုတ်ဘူး
စကားမပြောတတ်တဲ့ ငအ မဟုတ်ဘူး
ပြောတိုင်းယုံတတ်တဲ့ ပုံပြင်ထဲက ရွှေကျား မဟုတ်ဘူး
မဟုတ်ဘူး
မဟုတ်ဘူး
မဟုတ်ဘူး...တဲ့။
အဲဒီလိုနဲ့
ရထားတဲ့ ဘ၀လေးကို ပေါင်းသင်ရင်း မြေဆွရင်း
ဘ၀တွေ တစ်ခုနဲ့ တစ်ခု ပွတ်တိုက်ဖန်များလာတဲ့အခါ
မိုးကြိုးပစ်ကျသလို ၀ုန်းကနဲ ဂျိန်းကနဲ
ဘ၀တွေ ထပေါက်ကွဲကြရော…။
နေမွန်းသင်
၂၀.၁၀.၀၇
No comments:
Post a Comment