Wednesday, October 24, 2007

ငါ့ညီမလေး လွှတ်တဲ့ မီးပုံး

သီတင်းကျွတ်ပြီ
မလွတ်မြောက်မှုတွေ ကိုယ်စီချိတ်ဆွဲပြီး
မီးပုံးပျံလွှတ်ရအောင်။

ညီမလေးရေ
ငါ့ဝိညာဉ်ကို ရေနံလောင်းပါ
ငြီးငွေ့မှုနဲ့ အားပါးတရလောင်ကျွမ်းရင်း
အခိုးအငွေ့အဖြစ်
နင့်လက်နဲ့ ယက်လုပ်ထားတဲ့ မီးပုံးလေးမှာ
ယီးလေးခို လိုက်ပါသွားရစေ
ကမ္ဘာမြေဟာ
သွေးညှိအနံ့တွေနဲ့ မွန်းကျပ်နေခဲ့ပြီမဟုတ်လား။

အဝေးကြီးကနေ
ငါ့ကိုမျှော်လင့်မနေပါနဲ့တော့
အနာတရတွေအကြား အရေခွံထူလာတဲ့သူမို့
အိမ်ပြန်လမ်းတွေ ၀ိုးတ၀ါး
နင့်စာသင်ခန်းလေးပဲ နင်ဂရုစိုက်ပါ။
နာကျင်မှုတွေ ကိုယ်စီပွေ့ရင်း
ငါတို့လျှောက်ခဲ့တဲ့လမ်းကလေး
ခြောက်သွေ့ပေမယ့် မဟောင်းနွမ်းသေးဘူး
ခရီးပမ်းပေမယ့် အရောင်မလွင့်သေးဘူး
အခုလိုလပြည့်ညတွေမှာ
ပြန်မဆုံနိုင်တဲ့မိသားစုတွေရဲ့ ကိုယ်စား
ရဲရဲဝံ့ လမ်းထွင်သူတွေရဲ့ကိုယ်စား
ရင်ပြင်တော်အပြည့် ဆီမီးလှူခဲ့ပါ။

သီတင်းကျွတ်ပြီ
ကောင်းကင်ပြင်တဆုံး
အနှောင်ဖွဲ့မဲ့ ပျံသန်းနေတဲ့ မီးပုံးတွေပဲငေးရင်း
ဘ၀ရဲ့ မပြေနိုင်တဲ့အမောတွေကို
ဒီလိုချရေးမိတယ်
ဘယ်တော့များ ဘ၀ကို ဘ၀လို
ညီမလေးလွှတ်တဲ့ မီးပုံးလေးမှာ ယီးလေးခိုခွင့်ရပါ့မလဲ… ။ ။

ညီမလေးရဲ့မွေးနေ့ အမှတ်တရ

နေမွန်းသင်

၂၄-၁၀-၀၇


1 comment:

Chaos said...

ကဗျာလေးကိုဖတ်ပြီး
နွမ်းဖတ်သွားသလားထင်ရအောင်ကို
ခံစားလိုက်ရပါတယ်
တကယ်ကိုပဲ နင့်နင့်နဲနဲ ခံစားလိုက်ရတယ်.............................