Saturday, October 27, 2007

လပြည့်ည

အဲဒီညကိုရောက်တိုင်း
နှလုံးသားရဲ့ တစစ်စစ်နာကျင်သံကို
ငါကိုယ်တိုင်ပဲသိလိမ့်မယ်။

ပြတင်းတံခါးကိုပိတ်ပြီးတော့များ
လရောင်ကို နှင်မထုတ်လိုက်ပါနဲ့
သွေးစက်တွေရဲ့အကြောင်းကိုပြောဖို့
တစ်လတစ်ခါ
အဝေးကြီးကနေ ခရီးနှင်ခဲ့ရသူပါ၊

သစ်ရွက်ကလေးတွေကအစ
အဲဒီရက်စက်မှုတွေအကြောင်း စုတ်တသပ်သပ်နဲ့
အနီရောင်ပန်းပွင့်တွေ ပန်ထားရဆဲလို့
အော်သံတွေကို ကျက်မိတဲ့ညိုညစ်ညစ်လမ်းမကြီးတွေလည်း
သက်သေထူနေဆဲပါ
သွေးဆိုတာ အနံ့ပြင်းတယ်မဟုတ်လား
လေပြေဝေ့ရုံနဲ့တော့ လွင့်ပြယ်သွားမှာမဟုတ်ဘူး။

သင်လည်းငိုခဲ့ဖူးမှာပါ
အဲဒီခံစားချက်ကို ပန်ရင်း
လရောင်ဟာကောင်းကင်မှာဝါပြီး
လမ်းမပေါ် နီစွေးနေတာကို မြင်ပါ
အဝေးက - - ၀ိညာဉ်တွေရဲ့အော်သံကို
နှလုံးသားနဲ့ နားဆင်ပါ။

သွေးပျက်ဖွယ်အနိဋ္ဌာရုံတွေ
စိန်ပွင့်တွေလို တလဲ့လဲ့အရောင်တောက်ခဲ့တာ
အဲဒီနေ့စွဲတွေပေါ့
လပြည့်ညဆို
ငါ့ပင်လယ်မှာ လှိုင်းပိုထန်တယ်။ ။

နေမွန်းသင်
၂၇-၁၀-၀၇

သွေးအနံ့တွေကိုလိုက်ရှာနေရတာနဲ့ လပြည့်ညလေး တရက်နောက်ကျခဲ့တာပါ။

No comments: